တနင်္သာရီတိုင်းတွင် ယခုလကုန်အထိ မိုးကြီးနိုင်ဟု မိုး/ဇလ ပြော

0
733

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းတွင် အောက်တိုဘာလကုန်အထိ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)ထံမှ သိရသည်။

လတ်တလော မိုးကြီးနေရခြင်းမှာ ဗီယက်နမ်နိုင်ငံအထက်ပိုင်းကို ဖြတ်သန်းတိုက်ခတ်သွားသည့် အပူပိုင်းမုန်တိုင်း ‘ကွန်(မ်)ပစု’ ၏ အရှိန်ကြောင့်ဖြစ်ကြောင်း မိုး/ဇလ ဌာနက ထုတ်ပြန်ထားသည်။

ပုံမှန်အားဖြင့် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတောင်ဘက်ပိုင်းမှ မုတ်သုံလေ ဆုတ်ခွာလေ့ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။

သို့သော်လည်း တောင်တရုတ်ပင်လယ်ပြင်တွင် မုန်တိုင်းအရှိန်ရှိနေခြင်း၊ လာနီညာရာသီဥတုအားကောင်းနေခြင်းတို့ကြောင့် မိုးနှောင်းကာလတွင် တိုင်းအတွင်း မိုးပိုကြီးနေကြောင်း ဦးကျော်မိုးခိုင်က ဆိုသည်။

“ပုံမှန်ဆိုရင်တော့ ဒီရက်တွေမှာ မုတ်သုံ ဆုတ်တာပဲ။ ဒါပေမယ့် ဒီမှာက တောင်တရုတ်ပင်လယ်ပြင်က မုန်တိုင်းရဲ့ ဆွဲယူချက်ကလည်း ရှိနေတဲ့အတွက် ပင့်တင်ထားသလိုဖြစ်နေတာ” ဟု ၎င်းကဆိုသည်။

ယင်းအတွက်ကြောင့် အောက်တိုဘာလ ၂၀ ရက်ဝန်းကျင်တွင် မြန်မာနိုင်ငံတောင်ဘက်ခြမ်းမှ မုတ်သုံ ဆုတ်ခွာဖွယ် ရှိနေကြောင်း ဆိုသည်။

ထိုသို့မုတ်သုံဆုတ်ခွာသော်လည်း မိုးဆက်မရွာတော့ဟု တရားသေယူဆ၍ မရသေးပေ။

လက်ရှိ တောင်တရုတ်ပင်လယ်ပြင် အခြေအနေအရ တနင်္သာရီတိုင်းသည် အောက်တိုဘာလကုန်အထိ
မိုးကြီးနိုင်သည့် အခြေအနေဖြစ်နေကြောင်း ဦးကျော်မိုးခိုင်က ပြောသည်။

တနင်္သာရီတိုင်း နေရာအနှံ့တွင် မိုးကြီးနေသည်မှာ သုံးရက်ခန့်ရှိနေပြီဖြစ်သည်။

အောက်တိုဘာလ ၁၄ ရက် တစ်ရက်တည်းတွင် ရွာသွန်းခဲ့သော မိုးရေချိန်များမှာ ထားဝယ်မြို့တွင် ၇ လက်မကျော်၊ လောင်းလုံးမြို့တွင် ၆ လက်မကျော်၊ ကော့သောင်းမြို့တွင် ၃ လက်မနီးပါးရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။