တနင်္သာရီတိုင်းမှ ရေထွက်ကုန်တင်ပို့မှု ဒေါ်လာ ၃၅ သန်းကျော် လျော့ကျ

0
210
ကမ်းဝေး ဝိုင်းကြီးချုပ် ငါးဖမ်းလှေတစ်စီးအား တွေ့ရစဉ်။

တနင်္သာရီတိုင်းအတွင်းမှ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၃၅ သန်းကျော် ကျသွားကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန စာရင်းအရ သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၃၄၈ သန်း တန်ဖိုးရှိ ရေထွက်ကုန်တင်ပို့နိုင်ခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၃၁၂ သန်းကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

အထက်ပါ ပမဏမှာ တနင်္သာရီတိုင်းမှ ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းနှင့် ရန်ကုန်မှတစ်ဆင့် ပြည်ပသို့ တင်ပို့ခြင်းလည်း ပါဝင်သည်။

ယင်းကဲ့သို့ ရေထွက်ကုန်ပစ္စည်း တင်ပို့ကျသွားရခြင်းမှာ ပြီးခဲ့သည့် မေလမှစကာ ကမ်းဝေးငါးဖမ်းလုပ်ငန်းများ အချိန်စောရပ်နားလိုက်ခြင်းကြောင့်ဖြစ်ကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကော့သောင်းဒေသတွင် ဝိုင်းကြီးချုပ်(ဝါတန်း) ငါးဖမ်းလှေနှင့် ကင်းမွန်လှေအများဆုံးဖြစ်ပြီး ယင်းလှေများက မေလတွင်အဓိက ငါးဖမ်းဆီးရမိမှုများကြောင်း ၎င်းက ရှင်းပြသည်။

“အဲဒီလမှာပိတ်လိုက်တော့ သူတို့လုပ်ငန်းမှာ ပြည်ပပို့ တန်ဖိုးကျသွားတာပါ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ပင်လယ်အတွင်း ငါးမဖမ်းရရာသီကို ငါးသားပေါက်ရာသီဖြစ်သည့် နှစ်စဉ် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လကို သတ်မှတ်ခဲ့ရာမှ လက်ရှိ နစက တပ်ကောင်စီလက်ထက်တွင် မေ၊ ဇွန်နှင့် ဇူလိုင်လသို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။

နော်ဝေသုတေသန သင်္ဘော၏ လေ့လာတွေ့ရှိချက်အရ ငါးသားပေါက်သည့်ရာသီအပြင် ငါးဥ ဥနေသည့်ရာသီတွင်ပါ ငါးမဖမ်းမှသာ ငါးသယံဇာတကို ရေရှည်ထိန်းသိမ်းနိုင်မည်ဟုဆိုကာ အချိန်တစ်လစော၍ ပိတ်ခဲ့သည်ဟု မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

ငါးဖမ်းရာသီအား သြဂုတ်လတွင် ပြန်ဖွင့်လိုက်သည့်အတွက် ရေထွက်ပစ္စည်းတင်ပို့မှု ပြန်တက်လာသော်လည်း မေလအတွင်း ဖမ်းဆီးရမိမှုကို မမီခဲ့ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူက ဆိုသည်။

ရေထွက်ပစ္စည်းတင်ပို့ရာတွင် ထားဝယ်၊ မြိတ်နှင့် ကော့သောင်းတို့မှ ပြည်ပသို့ တိုက်ရိုက်တင်ပို့ပြီး ကော့သောင်းမှတစ်ဆင့် တင်ပို့သည့် ပမာဏမှာ အများဆုံးဖြစ်ကာ စုစုပေါင်းတင်ပို့မှု၏ ၈၀ ရာခိုင်နှုန်းအထိ ရှိကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကော့သောင်းမှ ပြည်ပသို့ တိုက်ရိုက်တင်ပို့သည့် ရေထွက်ပစ္စည်းတန်ဖိုးမှာ ဒေါ်လာ၂၃၃ သန်းကျော်ရှိပြီး မြိတ်မှတင်ပို့မှုမှာ ၇၄ သန်းကျော်နှင့် ထားဝယ်မှ ၅ သန်းကျော်ရှိကြောင်း ယင်းဌာန စာရင်းများအရ သိရသည်။

တနင်္သာရီတိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေအစီးရေ ၁၅၀၀ ခန့်ရှိကြောင်း သိရသည်။