သီတင်းကျွတ်ရာသီနီးသော်လည်း သင်္ကန်းဆိုင်များ အရောင်းအဝယ်အေး

0
218

သီတင်းကျွတ်ရာသီနီးကပ်နေပြီဖြစ်သော်လည်း ထားဝယ်မြို့ရှိ သင်္ကန်းပရိက္ခရာဆိုင်များ အရောင်းအဝယ် နည်းပါးနေဆဲဖြစ်ကြောင်း ယင်းဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။

သံဃာတော်များ ဝါဆိုဝါကပ်ပြီးနောက် ဗုဒ္ဒဘာသာဝင်များက သီတင်းကျွတ်လပြည့်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းလေ့ရှိသည်။

ထိုကြောင့် အဆိုပါအချိန်တွင် သင်္ကန်းပရိက္ခရာပစ္စည်းများ အရောင်းသွက်လေ့ရှိသည်။

လက်ရှိတွင်မူ ယခင်နှစ်များ၏ ရောင်းအားထက် ၉၀ ရာခိုင်နှုန်းခန့် ကျဆင်းနေကြောင်း ထားဝယ်မြို့ရှိ သင်္ကန်းပရိက္ခရာပစ္စည်း ရောင်းချသည့် ဆိုင်ပိုင်ရှင်အချို့က ငြီးတွားနေသည်။

ကထိန်ရာသီဖြစ်နေသော်လည်း ယခင်ရောင်းအား၏ ၁၀ ရာခိုင်နှုန်းခန့်သာ ရောင်းရတော့ကြောင်း ထားဝယ်မြို့ ဈေးကြီးအရှေ့ဘက်ရှိ ဦးသော် ဒေါ်နွဲ့သမီး ဒေါ်စောမြင့် သင်္ကန်းပရိက္ခရာဆိုင်ပိုင်ရှင်က ဆိုသည်။

“ဝါဆိုတုန်းက သင်္ကန်းကို မကုန်သေးဘူး၊ ကထိန်မှာ ပြန်ရောင်းနေရတယ်”ဟု အဆိုပါ ဆိုင်ပိုင်ရှင်က ပြောသည်။

ယခင်က ကထိန်ခင်းသည့် ရာသီတွင် ထားဝယ်ဒေသရှိ ဘုန်းကြီးကျောင်းများတွင် ကထိန်ခင်းရဟန်းခံ အလှူအား ပရိတ်သတ်များဖိတ်ကြားပြီး ကြီးကြီးကျယ်ကျယ် အလှူလုပ်လေ့ရှိသည်။

လက်ရှိတွင် ကိုဗစ်ကပ်ဘေး၊ နိုင်ငံရေးအခြေအနေနှင့် ကျပ်ငွေတန်ဖိုးကျဆင်းမှုတို့ကြောင့် ယင်းကဲ့သို့ အလှူလုပ်သူ မရှိသလောက်ဖြစ်သွားကြောင်း ထားဝယ်မြို့ ဈေးကြီးအနီးရှိ အခြားသင်္ကန်းပရိက္ခရာဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

အထက်ပါ အခြေအနေများကြောင့် ကထိန်သင်္ကန်းကပ်လှူခြင်းကို အကျဉ်းချုပ်သာ လုပ်ကြသည့်အတွက် သင်္ကန်းဝယ်လိုအားလည်း ကျဆင်းလာခြင်းဖြစ်ကြောင်း ယင်းဆိုင်ပိုင်ရှင်က ပြောသည်။

“အများစုက အကျဉ်းလုပ်မယ်ဆိုပြီး သင်္ကန်းတစ်စုံလောက်ပဲ လာဝယ်ကြတော့တယ်” ဟု ၎င်းက ဆိုသည်။

သင်္ကန်းတစ်စုံလျှင် အနည်းဆုံးကျပ် တစ်သောင်းခွဲမှ သင်္ကန်းရက်လုပ်ထားသည့် အဝတ်သားအပေါ်မူူတည်ကာ အများဆုံး ကျပ်တစ်သိန်းခွဲဝန်းကျင်အထိ ဈေးနှုန်းရှိသည်။

ယခုနှစ်တွင် ကထိန်မရှိသည့် ဘုန်းကြီးကျောင်းများ ရှိလာနိုင်သဖြင့် ဘာသာရေးထုံးတမ်းအရ ကထိန်မရှိသည့် ကျောင်းများမှ သံဃာတော်များ ၎င်းထံဆက်သွယ်နိုင်ကြောင်း ထားဝယ်မြို့ရှိ ဇေယျဝတီစာသင်တိုက်မှ ကျောင်းတိုက်ဆရာတော်တစ်ပါးက နှိုးဆော်ထားသည်။

လက်ရှိတွင် သင်္ကန်းပရိက္ခရာပစ္စည်းများအပြင် လက်ဆောင်ပစ္စည်းခြင်း ဝယ်လိုအားလည်း ကျဆင်းကြောင်း အထက်ပါ ဆိုင်အချို့ထံမှ သိရသည်။