မွန်တွင် ရော်ဘာရာသီအစ ရော်ဘာဈေးကောင်း

0
308

မွန်ပြည်နယ်တွင် ရော်ဘာရာသီအစတွင် ရော်ဘာဈေးကောင်းရရှိနေသည်ဟု ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာအရောင်းအဝယ်ပြုလုပ်နေသူတို့ထံမှ သိရသည်။

လက်ရှိတွင် မွန်ပြည်နယ်၏ ရော်ဘာဈေးသည် ရော်ဘာပြားအပါးဟုခေါ်သည့် အဆင့်မြင့်ရော်ဘာ RSS-1 တစ်ပေါင်လျှင် ကျပ် ၁၂၀၀ အထက်ရှိနေပြီး တစ်နေ့လှမ်းဟုခေါ်သည့် အထူရော်ဘာပေါက်ဈေး တစ်ပေါင်လျှင် ကျပ် ၈၀၀ နှင့် ၉၀၀ အကြား ရှိနေသည်ဟု ရော်ဘာလုပ်ငန်းရှင်တို့ထံမှ သိရသည်။

“ဒီနှစ် ရော်ဘာဈေးကောင်းတယ်၊ နောက်ပိုင်း ဘယ်လိုလာမလဲတော့ မသိဘူး၊ ဒိဈေးအတိုင်းဆိုရင် တောင်သူတွေ အဆင်ပြေကြတယ်၊ မဟုတ်ရင် မလွယ်ဘူး အခု ကုန်ဈေးနှုန်းနဲ့” ဟု မုဒုံမြို့နယ်မှ ရော်ဘာလုပ်ငန်းရှင် ဦးအောင်က ပြောသည်။

ယမန်နှစ်က ရော်ဘာရာသီအစတွင် ရော်ဘာဈေးနှုန်းသည် တစ်ပေါင်လျှင် ကျပ် ၅၀၀ အောက်အထိ ကျခဲ့သည်ဟု ရော်ဘာလုပ်ငန်းရှင်တို့ထံမှ သိရသည်။

ရော်ဘာဈေးသည် ၂၀၁၁ ခုနှစ်ခန့်က တစ်ပေါင် ၁၈၀၀ ကျပ်အထိ အမြင့်ဆုံးဈေးတက်ခဲ့ပြီးနောက် ဆက်တိုက်ကျဆင်းလာခဲ့ရာ တစ်ပေါင်လျှင် ကျပ် ၅၀၀ အောက်အထိ ဈေးကျသွားခဲ့ရာမှ ယခုနှစ်တွင် ရော်ဘာဈေး ပြန်တက်လာခဲ့ခြင်းဖြစ်သည်။

“ရော်ဘာဈေးက အစေးစထုတ်တဲ့အချိန်မို့လို့ နောက်ပိုင်း ဈေးပြန်ကျသွားမလားဆိုပြီး ပြောကြတယ်။ ဒါပေမယ့် ဝယ်လိုအားက အခုလိုမျိုးပဲ ရှိနေရင်တော့ ဈေးကကျမှာမဟုတ်ဘူးလို့ ထင်တယ်” ဟု ရော်ဘာအရောင်းအဝယ်ပြုလုပ်နေသူ ကိုအောင်မိုးက ပြောသည်။

မွန်ပြည်နယ်တွင် ရော်ဘာကို အဓိက စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြပြီး ပြည်နယ်တစ်ခုလုံးတွင် ရော်ဘာစိုက်ပျိုးမြေဧက ၅ သိန်းခန့်ရှိကာ၊ ဧက ၃ သိန်းကျော် ရော်ဘာထုတ်လျက်ရှိနေသည်။

မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးရာ အများဆုံးဒေသတစ်ခုဖြစ်ပြီး အများစုသည် အသေးစားရာဘာစိုက်ပျိုးသူများဖြစ်ပြီး ပြည်နယ်တစ်ခုလုံးရှိ ရော်ဘာလုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့်သည် အသေးစားစိုက်ပျိုးသူများဖြစ်ကြောင်း မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်းများအသင်းထံမှ သိရသည်။

မွန်ပြည်နယ်မှ ထွက်သည့် ရော်ဘာများသည် ကုန်ချောထုတ်လုပ်နိုင်သည့် နည်းပညာပိုင်းဆိုင်ရာများနှင့်ရင်းနှီးမြှုပ်နှံမှုမရှိသည့်အတွက် ပြည်ပသို့ ကုန်ကြမ်းအဖြစ် တင်ပို့နေရဆဲဖြစ်သည်။

ထိုသို့တင်ပို့ရာတွင်လည်း အရည်အသွေးနိမ့်ကျမှုကြောင့် ဈေးကောင်းမရရှိသည့် အနေအထားရှိနေသည်ဟုလည်း မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။