မြိတ်လေတပ်မှ ဝေဟင်-ရေပြင် လက်တွေ့ ပစ်ခတ်

0
259
လက်နက်ပစ်ခတ်လေ့ကျင့်မည့် ကုလားကျွန်းအနီးတဝိုက်အား တွေ့ရစဉ်။

မြိတ်လေတပ်စခန်းဌာနချုပ်မှ ဝေဟင်မှ ရေပြင် လက်တွေ့ပစ်ခတ်ခြင်းအား အောက်တိုဘာလ ၁၁ ရက်နေ့မှစပြီး ကျွန်းစုရေပြင်ရှိ ကုလားကျွန်းနှင့် ကျွန်းဆင်းရဲအကြားတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ လက်တွေ့ပစ်ခတ်ခြင်းအား အောက်တိုဘာလ ၁၁ ရက်မှ ၁၃ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ရာသီဥတုကောင်းမွန်ချိန် နေ့စဉ် နံနက် ရှစ်နာရီခွဲမှ ညနေသုံးနာရီခွဲ အထိ လေ့ကျင့်ပစ်ခတ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက အောက်တိုဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

လေ့ကျင့်ပစ်ခတ်ရေးပြုလုပ်မည့် ကုလားကျွန်းနှင့် ကျွန်းဆင်းရဲအကြား ရေယာဉ်များ ဖြတ်သန်းခြင်း လုံးဝမပြုလုပ်ရန်၊ မြိတ်မှထွက်ခွာမည့် ရေယာဉ်များအနေဖြင့် ကော့စမွှေကျွန်းသို့ လက်ဝဲဘက်တွင်ထားပြီး ရေမိုင်တစ်မိုင်အကွာဖြင့်လည်းကောင်း၊ ကျွန်းစုမြို့မှ ထွက်ခွာမည့်ယာဉ်များအနေဖြင့် ကော့စမွှေကျွန်းအား လက်ယာရစ်ထားပြီး ရေမိုင်တစ်မိုင်အကွာဖြင့် ဖြတ်သန်းသွားလာကြရန် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ငါးဖမ်းရေယာဉ်များအား ပြန်လည် အသိပေးထားကြောင်း မြိတ်အခြေစိုက် ကမ်းဝေးငါးဖမ်းလုပ်ငန်းတွင် အကျိုးဆောင်အဖြစ် လုပ်ကိုင်နေသူတစ်ဦးက ပြောပြသည်။

ထို့ပြင် ရေယာဉ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ အပျော်စီးယာဉ်များ၊ စက်တပ်လှေများ ဖြတ်သန်းခြင်း၊ ရပ်နားခြင်း၊ ငါးဖမ်းဆီးခြင်း စသဖြင့် မပြုလုပ်ကြရန်နှင့် သတ်မှတ် ဧရိယာအနီးမှ သတိပြုမောင်းနှင်ကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။