ကျောင်းပြန်ဖွင့်နိုင်ရန် တိုင်းအတွင်းရှိ ကျောင်းသူ/ကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်

0
216
ယမန်နှစ်က စာသင်နေသည့် အခြေခံပညာကျောင်းသားများအား တွေ့ရစဉ်။

အခြေခံပညာ ကျောင်းများပြန်ဖွင့်နိုင်ရန် တိုင်းအတွင်းရှိ အသက် ၁၂ နှစ်နှင့် အထက်ရှိ ကျောင်းသူ/ကျောင်းသား သုံးသောင်းငါးထောင်ကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းပညာရေးမှူးရုံးနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ကျောင်းပြန်ဖွင့်သည့်အခါ ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရန်ရည်ရွယ်၍ ကျောင်းသူ/ကျောင်းသားမျာကို ကိုဗစ်ကာကွယ်ဆေး ကြိုတင်ထိုးနှံပေးခြင်းဖြစ်သည်ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူက ဆိုသည်။

“ကျောင်းတွေပြန်ဖွင့်ဖို့အတွက် ရည်ရွယ်ပြီး ကာကွယ်ဆေးထိုးပေးတဲ့သဘောပါ” တာဝန်ရှိသူက ပြောသည်။

ကာကွယ်ဆေးထိုးမည့် စုရပ်နေရာများကို မြို့နယ်ပညာရေးဦးစီးဌာနက စီစဉ်နေပြီး ကာကွယ်ဆေးထိုးမည့်ရက် အတိအကျကိုမူ မသိရသေးကြောင်း ၎င်းက ပြောသည်။

ကိုဗစ်ကာကွယ်ဆေးကို အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ အသက် ၁၂ နှစ်နှင့် အထက်ရှိ ကျောင်းသူ/ကျောင်းသားများကို ထိုးပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

တနင်္သာရီတိုင်းတွင် ကျောင်းသူ/ကျောင်းသား တစ်သိန်းတစ်ထောင်ကျော်ရှိပြီး ၁၂ နှစ်နှင့် အထက်ရှိ ကျောင်းသူ/ ကျောင်းသား သုံးသောင်းငါးထောင်တစ်ရာကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။

တရုတ်နိုင်ငံကထုတ်သည် ဆိုင်နိုဗက် (Sinovac) ကာကွယ်ဆေးထိုးပေးမည်ဖြစ်ပြီး လက်ရှိတွင် ကာကွယ်ဆေး မရောက်လာသေးဟု တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးက ပြောသည်။

တနင်္သာရီတိုင်းတွင် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီးသူ နှစ်သိန်းခွဲကျော်ရှိပြီး ကာကွယ်ဆေးကို နှစ်ကြိမ်လုံးအပြည့် ထိုးပြီးသူမှာ ကိုးသောင်းရှစ်ထောင်ခန့်ရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။