ဟိန္ဒူဘုရား ထားဝယ်မြို့အတွင်း ပူဇော်မခံတော့

0
673
ထားဝယ်မြို့ရှိ ဟိန္ဒူမမဘုရား အပူဇော်ခံနေသည်ကို ယမန်နှစ်များက တွေ့ရစဉ်

ထားဝယ်မြို့အတွင်း နှစ်စဉ်လှည့်လည်အပူဇော်ခံလေ့ရှိသည့် ဟိန္ဒူမမဘုရားအား ယခုနှစ်တွင် လှည့်လည်ပူဇော်ခံတော့မည် မဟုတ်ကြောင်း အဆိုပါဘုရားကျောင်း တာဝန်ရှိသူထံမှ သိရသည်။

ကိုဗစ်ကပ်ဘေးနှင့် လက်ရှိနိုင်ငံရေး အခြေအနေများကြောင့် မြို့အတွင်း လှည့်လည်ပူဇော်ခံခြင်းမလုပ်တော့ဘဲ ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ်ကွက်ရှိ ဘုရားကျောင်းအတွင်း ဘာသာရေးထုံးတမ်းများအရ အပူဇော်ခံတော့မည်ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။

ယမန်နှစ်ကလည်း ကိုဗစ်ကပ်ဘေးကြောင့် ပျော်ပွဲရွှင်ပွဲပါဝင်သည့် ပွဲတော်နှင့် မြို့အတွင်း လှည့်လည်ပူဇော်ခံခြင်းမရှိခဲ့ပေ။

“ဒီနှစ် ဘုရားမလှည့်ဘူးခင်ဗျား၊ ကျွန်တော်တို့ ထုံးတမ်းအစဉ်အလာအတိုင်း ကျောင်းထဲမှာပဲ လုပ်မယ်ခင်ဗျား” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဘုရားကျောင်းအတွင်း ဘာသာရေးထုံးတမ်းများအရ အပူဇော်ခံမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ကန်တော့ပွဲများကို ဘုရားကျောင်းတွင်ပင် ဝယ်ယူပူဇော်နိုင်ပြီး ကန်တော့ပွဲတစ်ပွဲလျှင် ကျပ်ငါးထောင်နှုန်းဖြင့် ရောင်းချနေကြောင်း ယင်းတာဝန်ရှိသူက ပြောသည်။

ကိုဗစ်ကပ်ဘေးမဖြစ်မီက ဟိန္ဒူဘုရားပွဲတော်ကာလအတွင်း ဖျော်ဖြေပွဲများဖြင့် ဧည့်ခံလေ့ရှိပြီး မြို့အတွင်း လှည့်လည်ရာတွင်လည်း ကားပေါ်တွင် အကအမျိုးမျိုးဖြင့် ကပြဖျော်ဖြေလေ့ရှိသည်။