ကျောက်ဆင်ရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

0
212
သေဆုံးသူ ဦးရီဦး

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး အောက်တိုဘာလ ၁၁ ရက် ညနေပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သေဆုံးသူမှာ အသက်လေးဆယ်ဝန်းကျင်အရွယ် ဦးရီဦး ဆိုသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“ရွာထဲကနေပြီး ဆိုင်ကယ်နဲ့ သူ့အိမ်ပြန်တဲ့အချိန်မှာ အနောက်ကနေ ဆိုင်ကယ်တစ်စီးနဲ့ လိုက်လာပြီး ပစ်သွားကြတာ။ သူ့အိမ်မရောက်ခင် နှစ်အိမ်ကျော်လောက်မှာ ပစ်ခံရတာ။ သေနတ်သုံးချက်ထိတယ်လို့ ပြောနေကြတယ်” လို့ ဒေသခံတစ်ဦးက ဆိုသည်။ မည်သည့်အဖွဲ့က ပစ်ခတ်သွားသည်ကိုမူ မသိရသေးပေ။

ဦးရီဦးသည် စက်တင်ဘာလ ၉ ရက်က ပစ်သတ်ခံခဲ့ရသည့် သဘော့ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦးနှင့် တစ်ဖွဲ့တည်းဖြစ်ပြီး ကျောက်ဆင်ရွာသားများ ထောက်ခံစာလိုအပ်ပါက ၎င်းထံတွင် သွားယူရသည်ဟုဆိုသည်။

လက်ရှိတွင်မူ ထောက်ခံစာမရေးပေးတော့ကြောင်း ဒေသခံအချို့က ပြောသည်။

ဦးရီဦးသည် ယခင်က အလှူနှင့် မင်္ဂလာဆောင်များတွင် မှတ်တမ်းဓာတ်ပုံရိုက်သည့် လုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ဇနီးနှင့် သမီးလေးဦး၏ဖခင်ဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

၎င်းပစ်သတ်ခံရပြီးနောက် ရဲနှင့်စစ်သားများက အလောင်းကိုလာသယ်သွားပြီး ညနေ ၆ နာရီဝန်းကျင်တွင် နေအိမ်သို့ ပြန်သယ်လာကြောင်း ဒေသခံ အချို့ထံမှ သိရသည်။