မော်လမြိုင် မြို့ပေါ် ရပ်ကွက် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

0
174

မွန်ပြည်နယ် မော်လမြိုင်မြို့ မောင်ငံရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးဖြစ်သူ ဦးလှဝင်းမှာ အောက်တိုဘာ ၈ ရက်နေ့ ညနေ လေးနာရီခွဲခန့်က နေအိမ်အနီး ပစ်ခတ်ခံခဲ့ရကြောင်း ရပ်ကွက်နေပြည်သူတို့ ထံမှ သိရသည်။

၎င်း၏နေအိမ်နှင့်မလှမ်းမကမ်း မောင်ငံမီးပွိုင့်အနီးတွင် သေနတ်သမားတို့က လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး ထိုသို့ ပစ်ခတ်သူမှာ မွန်ပြည်နယ် နွေဦးတော်လှန်ရေး တပ်ဦးမှ ဖြစ်ကြောင်း ယင်းတပ်ဦးက ထုတ်ပြန်ထားသည်။

သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် ပစ်ခတ်ခံရသည့် ဦးလှဝင်းသည် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။

“သေနတ်သံကြားတော့ ကိုယ်လည်း သွားလဲမကြည့်ရဲဘူး။ နောက်မှ သိရတာက မီးပွိုင့်အနီးမှာ လူတစ်ဦး ပစ်သတ်ခံရတယ်၊ ဖြစ်ပြီးတော့ ရဲတွေ ဘာတွေလည်း စစ်နေတာပေါ” ဟု မောင်ငံရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ဦးလှဝင်းသည် စစ်အုပ်စုနှင့် ပူးပေါင်းပြီး သတင်းပေးဒလန်ပြုလုပ်နေသောကြောင့် ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးက အောက်တိုဘာ ၈ ရက်နေ့ ညနေပိုင်းခန့်က သတင်းထုတ်ပြန်ထားသည်။

၎င်းပြင် နောက်ပိုင်းတွင်လည်း စစ်အုပ်စုနှင့် ပူးပေါင်းပြီး သတင်းပေးဒလန်ပြုလုပ်နေသူများအား ရှင်းလင်းသွားမည်ဟုလည်း မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦး ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်မြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားလေ့ရှိသည့်အပြင် သေနတ်ဖြင့် ပစ်သတ်ခံရသည့်ဖြစ်စဉ်လည်း ရှိလာခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်မြို့နည်းတူ မွန်ပြည်နယ်အတွင်းရှိ သထုံ၊ ဘီးလင်း ကျိုက်ထို ပေါင် မုဒုံ ရေး အစရှိသည့် မြို့နယ်တို့တွင်လည်း သေနတ်သမားတို့၏ ပစ်ခတ်မှုကြောင့် လူသေဆုံးရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။

အထူးသဖြင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူများနှင့် နိုင်ငံရေးရေးပါတီဝင်တို့ ပစ်သတ်ခံရမှု ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။