မြိတ်အဝေးပြေးကားဝင်းတွင် ရွှေ့ပြောင်းအလုပ်သမား ၆၀ ဦးခန့်ဖမ်းဆီးခံရ

0
403

မြိတ်မြို့အဝင် ကလွင်ကျေးရွာအုပ်စုတွင်းရှိ အဝေးပြေးကားဝင်းဟောင်းတွင် အောက်တိုဘာလ ၄ ရက်နေ့က ရွေ့ပြောင်းအလုပ်သမား ၆၀ ဦးခန့်အား ဖမ်းဆီးခဲ့ကြောင်း အဝေးပြေးယာဉ်အသိုင်းအဝိုင်းထံမှ သိရသည်။

အဆိုပါ ရွေ့ပြောင်းအလုပ်သမားတို့သည့် ပွဲစားတို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့် အလုပ်သွားရောက်လုပ်ကိုင်ကြရန် လာရောက်ကြခြင်းဖြစ်ကြောင်း မြိတ်-ထားဝယ် ခရီးသည်ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောပြသည်။

“ဘောလုံးတွေပဲ ဖြစ်ဖို့များတယ်” ဟု အထက်ပါ ယာဉ်လိုင်းပိုင်ဆိုင်က ပြောသည်။

တနင်္သာရီတိုင်းတွင် ထိုင်းသို့ တရားမဝင်နည်းလမ်းဖြင့် သွားရောက်ကြသူတို့အား ဘောလုံးအဖြစ်ခေါ်ဆိုကြခြင်းဖြစ်သည်။

ထို့ပြင် အဝေးပြေးကားဝင်းထိပ်ရှိ ကားလက်မှတ်အရောင်းဆိုင်ရှင် လင်မယားတို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မြိတ်-ထားဝယ် ယာဉ်လိုင်းပိုင်ရှင်က ပြောပြသည်။

မြန်မာရွေ့ပြောင်းအလုပ်သမားတို့အား စစ်တပ်ဘက်မှလာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး အကျိုးအကြောင်း သေချာမသိရကြောင်း မြိတ်တောင်ကျေးရွာအုပ်စုအတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။