ကိုဗစ် စတုတ္ထလှိုင်းအား လှမ်းကြည့်ခြင်း

0
293
ပုံစာ- ‌ယမန်နှစ်က ‌ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်း ကိုဗစ်စင်တာ/Dawei Watch

လောင်းလုံးမြို့နယ်မှ ဒေါ်မြမြ တို့လင်မယားနှစ်ဦးစလုံး စက်တင်ဘာလကုန်ခန့်တွင် ကိုဗစ်ကူးစက်ခံလိုက်ရသည်။

ကနဦးတွင် ရောဂါမပြင်းထန်သဖြင့် အိမ်တွင်သာကုနေခဲ့ရာ မသက်သာသည့်အပြင် ပိုဆိုးလာသဖြင့် ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ တက်လိုက်ရသည်။

ဒေါ်မြမြ (အမည်လွှဲ) ဆေးရုံရောက်ချိန် လင်မယားနှစ်ဦးစလုံးအတွက် ဆေးကုသစရိတ် သိန်းငါးဆယ်လောက်ကုန်ကျနိုင်တယ်ကြောင်း သိရချိန်တွင် သူတို့မိသားစု မျက်လုံးပြူးရတော့သည်။

“အဲဒါတောင်မှ အချိန်နည်းနည်းယူ စဉ်းစားပြီး ဆေးကုမယ်ပြောတာ၊ အခန်းမရှိတော့ဘူးတဲ့။ လူဘယ်လောက်များလဲဆိုတာ အဲဒါသာကြည့်တော့ မိနစ်သုံးဆယ်ကို မကြာလိုက်ဘူး” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

လက်ရှိ တိုင်းပြည့်သူ့ကျန်းမာရေးဦးစီးဌာနထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့မူနှုန်း လျော့ကျလာနေသည်ကိုတွေ့ရသည်။

သို့သော် ကျေးရွာများတွင်မူ ကိုဗစ်ပိုးတွေ့မူ တဖန်များပြားလာနေသည့်အနေအထား ဖြစ်ကြောင်း သက်ဆိုင်ရာ ကျေးရွာကိုဗစ်လူနာစင်တာ တာဝန်ရှိသူအချို့က ပြောသည်။

အချို့ကိုဗစ်လူနာများမှာ နေအိမ်တွင်ပင်နေပြီး ကုသနေကြသလို အချို့ကလည်း ပုဂ္ဂလိကဆေးရုံများထံ သွားရောက်ကုသနေကြသည်။ ယင်းသို့ကုသရာတွင် ကုန်ကျစရိတ်များပြားသဖြင့် ညည်းတွားနေသူ အချို့လည်းရှိသည်။

ယခုအခါ ကိုဗစ်ကုသမူ စရိတ်ကြီးမားသည့်ဒဏ်အပြင် ကုန်ဈေးနူန်းမြင့်သည့်ဒဏ်ကိုပါ ခံစားလာနေရကြောင်း ပြည်သူတို့ ညည်းညူလာကြခြင်းဖြစ်သည်။

“(ပုဂ္ဂလိက) ဆေးရုံသွားရင် (ပိုက်ဆံ) ဆယ်ဂဏန်းတော့ ပြင်ထားပေတော့ပဲ။ ကိုဗစ်ကြောင့် စီးပွားရေး မကောင်းရတဲ့အထဲမှာ ကုန်ဈေးနူန်းကလည်းကြီးကြီးလာတော့ စိတ်နဲ့လူနဲ့ကို မကပ်နိုင်တော့ဘူး” ဟု အထက်ဖော်ပြပါ အမျိုးသမီးက ပြောသည်။

တနင်္သာရီတိုင်းစစ်ကောင်စီ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးကမူ ကိုဗစ်စတုတ္ထလှိုင်းဖြစ်လာပါက အဆင်သင့်ဖြစ်နေစေရန်အတွက် ကျန်းမာရေးဆိုင်ရာ ကိစ္စများကို ကြိုတင်ပြင်ဆင်ထားကြောင်း ပြောဆိုသည်။

ကိုဗစ်စတုတ္ထလှိုင်းဖြစ်ခဲ့သည်ရှိသော် အဆင်သင့်ဖြစ်နေစေရန်အတွက် ထားဝယ်မြို့တွင် အောက်ဆီဂျင်ထုတ်စက်လေးလုံးနှင့် ပုလောမြို့နယ်တွင်တစ်လုံးစီတပ်ဆင်ထားပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

ကော့သောင်းနှင့် ဘုတ်ပြင်းအတွက်မူ မှာထားသည့် စက်ရန်ကုန်ရောက်ရှိနေပြီး မြိတ်တွင်လည်းတပ်ဆင်ထားပြီးဖြစ်ကြောင်းဆိုသည်။

“အဲဒီစက်တွေအားလုံးတပ်ပြီးရင်တော့ အောက်ဆီဂျင်အတွက် ထီးခီးကို အားကိုးစရာမလိုတော့ဘူးပေါ့နော်” ဟု ဦးယဉ်ထွေးက ပြောသည်။

ကွာရန်တင်းစင်တာ၊ လူနာစင်တာများနှင့် ယင်းစင်တာများတွင် ဝန်ဆောင်မူပေးမည့် စေတနာ့ဝန်ထမ်းများကိုလည်း သင်တန်းပို့ချခြင်းများ ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။

ကိုဗစ်အထူးကြပ်မတ်ကုသရသည့် ICU အခန်းများလည်းကြိုတင်ပြင်ဆင်ထားပြီး ဆေးဝါးများလည်း ဝယ်ယူစုဆောင်းထားကြောင်း ဆိုသည်။

“ကိုဗစ်တတိယလှိုင်းကို နောက်ဆုံးလှိုင်းဖြစ်ပါစေလို့ပဲဆုတောင်းပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်က မာယာများတယ်လေ။ ဒါကြောင့် နောက်တစ်ခါဖြစ်ခဲ့သည်ရှိသော်လို့တွေးပြီး အားလုံးပြင်ဆင်ထားပြီးပါပြီ” ဟု ဦးယဉ်ထွေးက ပြောသည်။

လက်ရှိမြင့်တက်နေသည့် ကုန်ဈေးနူန်းအခြေအနေကို ပုံသေထားပြီး နောက်ဖြစ်လာနိုင်ခြေရှိသည့် ကိုဗစ် စတုတ္ထလှိုင်းအား လှမ်းမျှော်ကြည့်ရာ ရတက်မအေးရကြောင်း ဒေါ်မြမြ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“အခုတော့ အခန်းမရပေမယ့် အိမ်တဆောင်ငှားပြီး ကုလို့ရတယ်ပြောလို့ ကုနေပြီ” ဟု ၎င်းကဆိုလေသည်။

“နောက်ထပ်တစ်ခါ ဒီရောဂါကို ဒီလိုသာဆက်ကုရမယ်ဆိုရင် အသေခံမှရတော့မယ်”

ပုံစာ- ‌ယမန်နှစ်က ‌ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်း ကိုဗစ်စင်တာ/Dawei Watch