ထားဝယ်ရိုးရာသပိတ်မျောပွဲ မသေချာသေးသော်လည်း သပိတ်အိုးနှင့် ဆီမီးခွက်ဈေးတက်

0
347
ယမန်နှစ် သီတင်းကျွတ်ပွဲတော်တွင် ဆီမီးပူဇော်နေသည်ကို တွေ့ရစဉ်/Dawei Watch

ထားဝယ်ရိုးရာသပိတ်မျောပွဲတော်ကျင်းပရန် မသေချာသေးသော်လည်း သပိတ်အိုးနှင့် ဆီမီးခွက်ဈေးတွေတက်နေကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူအချို့ထံက သိရသည်။

ယခင်က သပိတ်အိုးတစ်လုံးလျှင် ဖောက်သည်ဈေး ၄၅၀ ကျပ်မှ ၅၀၀ ကျပ်ခန့်သာရှိပြီး လက်ရှိတွင် ၆၀၀ ကျပ်မှ ၇၀၀ ကျပ်အတွင်း ဖြစ်နေသည်ဟု အိုးလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။

ယင်းပြင် ယခင်က ဆီမီးခွက်တစ်ထောင်လျှင် ၃၀၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်ခန့်သာရှိသော်လည်း ယခုနှစ်တွင် ၄၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်ဝန်းကျင်ခန့်ပေါက်ဈေးဖြစ်နေကြောင်း အိုးလုပ်ငန်း လုပ်ကိုင်သူ အချို့က ပြောသည်။

ဈေးကွက်ဝယ်လိုအားများပြီး ပစ္စည်းမထုတ်လုပ်နိုင်သဖြင့် သပိတ်အိုးနှင့် ဆီမီးခွက်ဈေးများ လိုက်တက်လာခြင်းဖြစ်ပြီး အိုးလုပ်ရာတွင် အသုံးပြုသည့် ဆေးပုံနှင့် အခြားပစ္စည်းဈေးများလည်းတက်နေသဖြင့် ဈေးတက်လာခြင်းဖြစ်သည်ဟု ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်မှ ဒေါ်ပန်းအိဖြူက ပြောသည်။

“ကိုဗစ်ဖြစ်တာနဲ့ နိုင်ငံရေးအခြေအနေကြောင့်ဆိုပြီး ရပ်နားလိုက်တယ်။ အိုးမရောင်းရဘူးဆိုပြီးတော့။ လုံးဝ မရောင်းရဘူးဆိုမျိုးဖြစ်သွားတယ်၊ အလုပ်သမားတွေက တခြားလုပ်ငန်းတွေမှာ ဝင်ကုန်တယ်၊ အလုပ်သမားတွေလည်း မရှိတော့ အိုးက ထွက်နည်းလာတယ်၊ ထွက်နည်းတော့ ဝယ်လိုအားလည်း များလာတော့ အိုးက ဈေးတက်လာတယ်” ဟု ၎င်းက ဆိုသည်။

သပိတ်မျောပွဲတော်မရှိသော်လည်း ကိုယ့်အစီအစဉ်ဖြင့်ကိုယ် သပိတ်မျောကြမည်ဟုဆိုကာ ထားဝယ်ခရိုင် ၄ မြို့နယ်လုံးမှ ဖောက်သည်များက ကိုယ့်အစီအစဉ်နှင့်ကိုယ်လာဝယ်နေကြပြီး လက်ရှိတွင် ဆီမီးခွက်များ အများဆုံးရောင်းရနေသည်ဟု ၎င်းက ပြောသည်။

“ဝယ်သမားတွေက ပွဲတော်မရှိဘူးလည်း သူတို့ဘာသာ သူတို့မျောယူမယ်၊ မမျောရဘဲနေရင် အခုလိုမျိုးအခြေအနေထက် ပိုပြီးဆိုးလာမယ်ဆိုပြီး အဲလိုပုံစံမျိုးပြောပြီး ဝယ်ကြတယ်၊ ပွဲတော်မဖြစ်လာဘဲလည်း ကိုယ့်ဘာသာ အဆင်ပြေသလို လုပ်ယူမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်လာတာပေါ့နော်” ဟု ဒေါ်ပန်းအိဖြူက ပြောသည်။

လက်ရှိအချိန်ထိ သပိတ်မျောပွဲတော်ကျင်းပရန် တင်ပြလာတာ မရှိသေးကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက ဦးအောင်စိုးမိုးက ပြောသည်။

“သပိတ်မျောပွဲက ဘာမှတော့ တင်တာတော့ မရှိသေးဘူး၊ အဲဒါတော့ သူတို့ တင်ပြလာတာတော့ ကျွန်တော်တို့မတွေ့သေးဘူးဗျ လက်ရှိကလည်း ကျွန်တော်တို့ Stay at Home ကာလသတ်မှတ်ထားတာဆိုတော့လေ” ဟု ဦးအောင်စိုးမိုးက ဆိုသည်။

ယခင်ဖွဲ့စည်းထားသည့် သပိတ်ပျော်ပွဲကော်မတီဝင်မျာကို မေးမြန်းရာ ယခုနှစ်တွင် သပိတ်မျောပွဲတော် ကျင်းပရန် ကော်မတီအသစ်ပြန်လည်ဖွဲ့စည်းခြင်း၊ အစည်းအဝေးပြုလုပ် တိုင်ပင်ခြင်းများ မရှိသေးသဖြင့် ပွဲတော်ကျင်းပဖြစ်/မဖြစ်ကို တပ်အပ်မပြောနိုင်ကြောင်း ကော်မတီဝင်အချို့က ပြောသည်။

ယခင်နှစ်များကမူ ထားဝယ်ရိုးရာသပိတ်မျောပွဲတော်ကို စည်ကားသိုက်မြိုက်စွာ နှစ်စဉ်ကျင်းပနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်မှစကာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသဖြင့် ထားဝယ်ရိုးရာသပိတ်မျောပွဲတော်ကိုမကျင်းပဖြစ်ပေ။

သို့သော် မြို့ပေါ်ရပ်ကွက်နှင့် ကျေးလက်ဒေသများတွင် ထားဝယ်ရိုးရာသပိတ်မျောခြင်းကို မိမိတို့ အစီအစဉ်ဖြင့် ရပ်ကွက်၊ ကျေးရွာအနီးနားရှိ မြစ်ငယ်၊ ချောင်းငယ်တွင် ရိုးရာမပျက်မျောကြသူလည်းရှိသည်။

ကမ်းရိုးတန်းဒေသဖြစ်သည့် ထားဝယ်တွင် သပိတ်အိုးအတွင်း ဆွမ်း၊ သစ်သီး၊ မုန့်မျိုးမျိုး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံသာ၊ တံခွန်၊ ကုက္ကား စသည်မိမိနှစ်သက်ရာတို့ထည့်သွင်း၍ ချောင်းနှင့် မြစ်များအတွင်း သပိတ်မျောကြခြင်းဖြစ်သည်။ ယင်းအပြင် စေတီပုထိုး၊ ဘုရားတန်ဆောင်များတွင် ဆီမီးခွက်များဖြင့် ဘုရားရှင်အား ဆီမီး၊ အမွေးနံသာများထွန်းညှိပူဇော်ကြသည်။

ထားဝယ်ရိုးရာယဉ်ကျေးမှုသပိတ်မျောပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပကြလေ့ရှိပြီး ထားဝယ်ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေခြင်း၊ မီးပုံးပျံများလွှတ်ခြင်း၊ ဘဲဖမ်းပွဲနှင့် ချောတိုင်တက်ခြင်းကဲ့သို့ ပျော်ပွဲရွှင်ပွဲများလည်း သပိတ်မျောပွဲတော်တွင် ပါဝင်လေ့သည်။