မွန်တွင် ကိုဗစ် ကန့်သတ်ချက်အချို့ စတင်ဖြေလျှော့

0
168

ကိုဗစ်ကူးစက်မှုနှုန်း လျော့နည်းကျဆင်းလာသည့် မွန်ပြည်နယ်အတွင်း၌ ကိုဗစ်ဆိုင်ရာကန့်သတ်ချက်အချို့ကို စတင်ဖြေလျှော့လာခဲ့သည်။

မွန်ပြည်နယ်တွင် ရောဂါကူးစက်မှုနှုန်းမြင့်တက်ခဲ့သည့် ဇူလိုင်လဆန်းနောက်ပိုင်း ပြည်နယ်အတွင်းရှိ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်ရောင်းချသည့်ဆိုင်ကလွဲပြိး ဈေးဆိုင်များအားလုံးကို ရောင်းချခွင့် ကန့်သတ်ခဲ့သည်။

ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု လျော့ကျလာသည့်နောက် အောက်တိုဘာလဆန်းပိုင်းတွင် နေအိမ်တွင် နေထိုင်ရန် (Stay at Home) မသတ်မှတ်ထားသည့် မုဒုံ၊ ရေး၊ ကျိုက်မရော၊ ပေါင်နှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်ဆိုင်များအပြင် ဈေးဆိုင်များအားလုံးကို ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုခဲ့သည်။

နေအိမ်တွင် နေထိုင်ရန် (Stay at Home) သတ်မှတ်ထားသည့် မော်လမြိုင်၊ သံဖြူဇရပ်၊ ဘိးလင်း၊ သထုံနှင့် ချောင်းဆုံမြို့နယ်အတွင်းရှိ ဈေးဆိုင်များကိုတော့ ဆက်လက်ကန့်သတ်ထားမည်ဖြစ်ပြိး Stay at Home အစိအစဉ် ပယ်ဖျက်သည့်အခါမှသာ ပြန်လည် ဖွင့်လှစ်ခွင့် ပေးသွားမည်ဟု ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

“Stay at Home သတ်မှတ်မြို့နယ်တွေကတော့ ဆေးဝါးနဲ့ စားသောက်ကုန်ဆိုင်တွေပဲ ရောင်းခွင့်ပြုထားတယ်၊ Stay at home ကနေ ဖြေလျော့ပေးတဲ့အခါကျမှ ဆိုင်တွေအားလုံး ပြန်လည်ဖွင့်ခွင့်ပြုရမှာဖြစ်ပါတယ်” ဟု ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဈေးဆိုင်များ ကာလကြာစွာ ရောင်းချခွင့်မရသည့်အတွက် ဈေးဆိုင်များအပေါ်မှိခိုလုပ်ကိုင်စားသောက်နေကြရသူများအတွက် အခက်အခဲများစွာကြုံတွေ့နေကြရပြိး ဈေးဆိုင်များ ပြန်လည်ဖွင့်ခွင့်ရရန် မျှော်လင့်နေကြသည်။

“ဈေးရောင်းတဲ့အလုပ်ကိုပဲ လုပ်ကိုင်လာခဲ့တော့ အခုဆိုရင် နှစ်လ သုံးလလောက်ရှိသွားပြိးလေ ဈေးမရောင်းရတာ အတော်ကို အခက်အခဲဖြစ်ပါတယ်၊ ပြန်ရောင်းခွင့်ပေးဖို့ကိုပဲ မျှော်နေတာပေါ” ဟု မော်လမြိုင်မြို့တွင် အထည်ရောင်းနေသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှ ဇူလိုင်လကုန်အထိ ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် အတည်ပြုလူနာ သေဆုံးမှုနှုန်းလည်း ဆက်တိုက်မြင့်တက်လာခဲ့သည်။
သြဂုတ်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု သိသိသာသာ ပြန်လည်လျော့ကျလာသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကိုဗစ်အရေးကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် အောက်တိုဘာလပထမအပတ်အထိ ကိုဗစ်ကူးစက်ခံရသူ ၁၅၀၀၀ ကျော်ရှိပြီး သေဆုံးလူနာ ၁၃၀၀ ကျော်အထိ ရှိသည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။