ထားဝယ်တွင် ရော်ဘာအစေး မနက်ဖြန် စဝယ်မည်

0
345

ထားဝယ်ဒေသရှိ ရော်ဘာအစေးဝယ်သည့် စက်ရုံအချို့က မနက်ဖြန်မှစပြီး စဝယ်တော့မည်ဖြစ်ကြောင်း ယင်းစက်ရုံများထံမှ သိရသည်။

ထားဝယ်မြို့နယ်တွင် ရော်ဘာအစေးဝယ်သည့် စက်ရုံ ၃ ရုံရှိသည်။

ယင်းစက်ရုံများအနက် ထားဝယ်ရွှေပြည် အဆင့်မြင့်မှိုင်းခံစက်ရုံက အောက်တိုဘာလ ၂ ရက်နေ့တွင် ရော်ဘာအစေး စတင် ဝယ်ယူမည်ဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူက ပြောသည်။

လက်ရှိ ရော်ဘာပေါက်စျေးနှုန်းအရ စတင်ဝယ်ယူချိန်တွင် ရော်ဘာအစေးတစ်ပေါင်လျှင် ၁၂၅၀ ကျပ်ဝန်းကျင် စျေးပေါက်နိုင် ကြောင်း ထားဝယ်ရွှေပြည်စက်ရုံ မန်နေဂျာ ဦးဘိုဘိုက ခန့်မှန်းသည်။

“အခုလက်ရှိအချိန်မှာဆိုရင် ၁၂၅၀(ကျပ်) လောက်ဖွင့်လိမ့်မယ် မနက်ဖြန်ဆိုရင်တော့ တစ်မျိုးဖြစ်ချင်ဖြစ်လိမ့်မယ်ခင်ဗျား”

ပြီးခဲ့သည့်နှစ်က ရာသီဖွင့်စျေးမှာ ရော်ဘာစေးတစ်ပေါင်လျှင် ၇၅၀ ကျပ်ဝန်းကျင်ရှိပြီး ရာသီပိတ်ချိန်တွင် ၉၀၀ ကျပ် ဝန်းကျင် ပေါက်စျေးရှိခဲ့သည်။

ထားဝယ်မြို့နယ်ရှိ ထားဝယ်နဂါးကုမ္ပဏီကမူ အောက်တိုဘာလ တတိယအပတ်တွင် ရော်ဘာအစေး စဝယ်မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးရဲထွဋ်နိုင်က ဆိုသည်။

လက်ရှိရော်ဘာပေါက်စျေးများအရ ရော်ဘာအစေးတစ်ပေါင်လျှင် ကျပ် ၁၂၀၀ ကျော် စျေးပေါက်ပြီး လက်ရှိ မြန်မာကျပ်ငွေအခြေအနေအရ ရော်ဘာစျေးမှာ အတက်ဘက်ကို ဦးတည်နေကြောင်း ၎င်းက ပြောသည်။

“ကမ္ဘာ့ရော်ဘာစျေး တက်လို့တက်တာ မဟုတ်ဘဲနဲ့ ကျပ်ငွေတန်ဖိုးကြောင့် တစ်ပေါင်ရဲ့စျေးနှုန်းကတော့ အတက်ရှိနေမှာပေါ့”ဟု ဦးရဲထွဋ်နိုင်က ဆိုသည်။

၎င်းတို့ စက်ရုံအနေဖြင့် ထားဝယ်ဒေသမှ ထွက်သည့် ရော်ဘာအပြားများကို နိုင်ငံခြားတင်ပို့သည့် ဝယ်ရောင်းသူများထံ တစ်ဆင့်ခံရောင်းချကြောင်း သိရသည်။

ရော်ဘာစျေးဝယ်ရာတွင် စက်ရုံများတွင် ဝယ်ယူကြသည့်အတွက် ဒေသအချို့ရှိ ရော်ဘာခြံများအရောက် ကားဖြင့် သွားရောက်ဝယ်ယူနေသည်။

ထိုသို့ ဝယ်ယူရာတွင် စက်ရုံတွင် လာရောင်းသည့်စျေးနှုန်းနှင့် ခြံအရောက်ဝယ်ယူသည့် စျေးနှုန်းမှာ ရော်ဘာစျေးတစ်ပေါင်လျှင် ၁၀ ကျပ်မှ ၂၀ ကျပ်ဝန်းကျင် စျေးကွာကြောင်း ယင်းစက်ရုံတာဝန်ရှိသူများထံမှ သိရသည်။

ထားဝယ်ရွှေပြည်စက်ရုံက ကံပေါက်ဒေသ၊ ဧကနိရွာတစ်ဝိုက် ကမ်းရှေ့ကျေးရွာ၊ ကျိုက်ဖီလန် ၊ မဲအုန်းနှောက်ကျေးရွာ အစရှိသည့် ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများတွင်ခြံအရောက် သွားဝယ်ခဲ့သည်။

ထားဝယ်နဂါးကုမ္ပဏီကမူ ကံပေါက်ဒေသနှင့် ထားဝယ်အရှေ့တောဒေသတွင် ရော်ဘာခြံအရောက် ကားဖြင့်သွားဝယ်ခဲ့ကြောင်း သိရသည်။