ပုလောတွင် အမျိုးသားနှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

0
176
ရှပ်ပုံရွာ ပစ်ခတ်မှုတွင် သေဆုံးသူနှစ်ဦးအား သင်္ဂြုဟ်နေစဥ် / CJ

မြိတ်ခရိုင် ပုလောမြို့နယ် ရှပ်ပုံစံပြကျေးရွာတွင် စက်တင်ဘာလ ၂၉ ရက်က အမျိုးသားလေးဦးပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သေဆုံးသူနှစ်ဦးမှာ အသက် ၄၇ အရွယ် ဦးသိန်းဇော်နှင့် ၎င်း၏သားဖြစ်သူ အသက် ၁၉ နှစ်အရွယ် ကိုရန်လင်းဇော်တို့ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

ယင်းနေ့ နံနက်ကိုးနာရီကျော်ခန့်တွင် ရှပ်ပုံစံပြကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေးလုပ်နေသည့်အချိန်တွင် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“ဒီနေ့သူတို့အစည်းအဝေးလုပ်ကြတယ်။ အစည်းအဝေးလုပ်ပြီးလို့ အချို့ကပြန်ကုန်ကြပြီ။ လေးယောက်ပဲကျန်နေခဲ့တယ်။ အဲဒီအချိန်မှာ ဝင်လာပစ်ကြတာ။ အုပ်ချုပ်ရေးမှူး ရုံးနားမှာပဲဖြစ်ကြတာ” ဟု ၎င်းအမျိုးသမီးကပြောသည်။

သေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ ဆိုင်ကယ်မောင်းထွက်ပြေးစဉ် လဲကျသွားချိန် ပစ်ခတ်သူတို့က ဓားဖြင့် ဝင်ခုတ်ခဲ့ကြောင်းလည်း ၎င်းကပြောသည်။

ကျန်နှစ်ဦးမှာ ဒဏ်ရာရှိခဲ့ပြီး ပုလောဆေးရုံသို့တင်ဆောင်သွားကြောင်း ဆိုသည်။

ယင်းပစ်ခတ်မှုကို ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာလ ၃၀ ရက်ကထုတ်ပြန်ထားသည်။

ရှပ်ပုံကျေးရွာ၏ စစ်ကောင်စီခန့် ပြည်သူ့စစ်နှစ်ဦးအား သုတ်သင်နိုင်ခဲ့ပြီး ၎င်းတို့ကိုင်ဆောင်သည့်လက်နက်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းနေ့တွင်ပင် ပုလောမြို့နယ် ကဒဲကျေးရွာနေ အမျိုးသားတစ်ဦးလည်း သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဒဏ်ရာရှိသွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်အသေးစိတ် မသိရသော်လည်း သေနတ်မှန်ပြီး ဒဏ်ရာရရှိခဲ့သဖြင့် ပုလောဆေးရုံသို့ တင်ဆောင်သွားသည်မှာ မှန်ကန်ကြောင်း ၎င်းကပြောသည်။

“သူ (သေနတ်ပစ်ခံရတဲ့သူ) က ပြည်သူ့စစ်ခေါင်းဆောင်လို့လည်းပြောနေကြတယ်။ ပျူစောထီးခေါင်းဆောင်လို့လည်းပြောနေကြတယ်” ဟု ၎င်းကဆိုသည်။

ယင်းပစ်ခတ်မှုကိုမူ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ထုတ်ဖော်ပြောဆိုထားသည်ကို အောက်တိုဘာလ ၁ ရက်အထိ မတွေ့ရသေးပေ။

ရှပ်ပုံစံပြကျေးရွာမှာ ထားဝယ်ဘက်မှသွားပါက ပုလောမြို့အဝင်ညာဘက်ခြမ်းကိုချိုးဝင်သွားရပြီး ထင်ရှားသည့် ဖိုးရှမ်းကမ်းခြေသွားလမ်းပေါ်တွင်တည်ရှိသည်။

ကဒဲကျေးရွာမှာမူ ပုလောမြို့မှာ ငါးမိုင်ခန့်အကွာ ပုလော မြိတ်ကားလမ်းဘေးရှိ လမ်းသွယ်အတွင်း ချိုးဝင်ရသည်။

ယင်းပစ်ခတ်မှုဖြစ်ပြီးနောက် ရှပ်ပုံစံပြကျေးရွာနှင့် ကဒဲရွာ ဒေသခံလူငယ် အနည်းဆုံး ခြောက်ဦးခန့် အဖမ်းခံခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။