ထားဝယ်တွင် ရွှေဈေးမငြိမ်၊ ကြိုက်ရောင်း ကြိုက်ဝယ်

0
158

ရွှေဈေးမငြိမ်သက်မှုကြောင့် ထားဝယ်တွင် ကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေးဖြင့် ရောင်းဝယ်နေရကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့က ပြောသည်။

စက်တင်ဘာ ၂၉ ရက်က ရွှေတစ်ကျပ်သားလျှင် ရန်ကုန်ပေါက်ဈေး ၂၂၂၀၀၀၀ ကျပ်ရှိပြီး ယနေ့ မနက်ပိုင်းဖွင့်ဈေးမှာ ၂၀၃၀၀၀၀ ကျပ်မှ နေ့လယ်ပိုင်းဈေးမှာ ၁၉၇၀၀၀၀ ကျပ်ခန့်ဖြစ်နေကြောင်း ဈေးကွက်အတွင်းက သိရသည်။

ဒေါ်လာဈေးအတက်ကြမ်းနေသဖြင့် ရွှေဈေးလိုက်တက်လာပြီး ရွှေဈေးကွက်မတည်ငြိမ်မှုကြောင့် ထားဝယ်တွင် ရန်ကုန်ဈေးထက် ခန့်မှန်း တစ်သိန်းခန့်ခွာ၍ အရောင်း အဝယ်ပြုလုပ်နေကြသည်ဟု ဈေးကြီးတောင်ဘက်ခြမ်းရှိ ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

“ပေါက်ဈေးမဟုတ်ဘူး၊ ရောင်းသမားနဲ့ ဝယ်သမား ကြိုက်ဈေးဖြစ်သွားတယ်၊ ကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်သွားတယ်၊ ပေါက်ဈေးနဲ့သွားလုပ်မရဘူး၊ အရင်တုန်းကတော့ ပေါက်ဈေးနဲ့ ငါးထောင် တစ်သောင်းသာကွာတယ်၊ အခုကတော့ သိန်းနဲ့ချီပြီးကွာတယ်”ဟု ၎င်းက ဆိုသည်။

စက်တင်ဘာ ၂၉ ရက်က ရွှေတစ်ကျပ်သားလျှင် ၂၂၂၀၀၀၀ ကျပ်ခန့် ရန်ကုန်ပေါက်ဈေးရှိနေပြီး ထားဝယ်တွင် တစ်ကျပ်သားလျှင် ၂၁ သိန်းကျပ်ခန့်ဖြင့် ရောင်းကာ အဝယ်ကို သိန်း ၂၀ ခန့်ဖြင့် ခွာဝယ်နေရသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

အရောင်းအဝယ်ဈေးနှုန်းမှာ တစ်ဆိုင်နှင့် တစ်ဆိုင် မတူဘဲ လက်ရှိနေ့လယ်ပေါက်ဈေးမှာ ရန်ကုန်တွင် ရွှေတစ်ကျပ်သား ၁၉၇၀၀၀၀ ခန့်ရှိနေပြီး ထားဝယ်တွင် ထားဝယ်တွင် ၁၉ သိန်းဖြင့် အရောင်းရှိပြီး အဝယ်ကို ၁၈၇၀၀၀၀ ကျပ်ခန့်ဖြင့် ဝယ်သည်ဟု ဈေးကြီးမြောက်ဘက်ရှိ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“အရောင်းအဝယ်ကပါးတာပေါ့နော်၊ လာရောင်းသမားပဲရှိတယ်၊ ဝယ်သမားမရှိဘူးလေ၊ သုံးဖို့စွဲဖို့လောက်လိုရင် တစ်ကျပ်သားဝယ်ထားတာဆို ငါးမူးသားနဲ့လာလဲ ပိုက်ဆံပြန်ယူ၊ အဲလိုလုပ်ကြတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ယခင်တည်းက ဝယ်ယူထားသည့် ရွှေထည်များ ဈေးကောင်းရလာသဖြင့် အကျိုးအမြတ်ရသော်လည်း ဒေါ်လာဈေး၊ ရွှေဈေးတက်နေချိန် အထည်သစ်များကို ဝယ်ရောင်းရာအတွင် အရှုံးအမြတ်က အချိန်နှင့်အမျှပြောင်းလဲနေသည်ဟု လုပ်ငန်းရှင်အချို့က ဆိုသည်။

ယင်းကြောင့် ရွှေဈေးကို ရန်ကုန် မန္တလေးပေါက်ဈေးအတိုင်းမဟုတ်ဘဲ ဈေးခွာဝယ်နေရခြင်းဖြစ်သည်ဟု ထားဝယ်မြို့မှ ရွှေလုပ်ငန်းရှင်အချို့က ပြောသည်။

ယခင်က ထားဝယ်တွင် သီတင်းကျွတ်မတိုင်မီ ပွဲလမ်းသဘင်ရာသီအတွက် ရွှေထည်အသစ်များကို ဝယ်ယူကာ ပွဲတက်ကြပြီး ရွှေထည်အသေးကို အကြီးဖြင့်လဲလှယ်ဆင်မြန်းကြသူနှင့် အထည်သစ်များကို ဝယ်ယူဆင်မြန်းသူများလည်းရှိသည်။

စစ်အာဏာသိမ်းကာလတွင် ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းသို့သွားသည့် ဂိတ်များတွင် ထောက်ခံစာဖြင့်သာသွားလာရပြီး အစစ်အဆေးအဖမ်းဆီးကြမ်းနေခြင်း၊ ကိုဗစ်ကြောင့် ထားဝယ်မြို့နယ်ကို Stay At Home သတ်မှတ်ထားခြင်းတို့ကြောင့် ရွှေဈေးကွက်မှာ အရောင်းအဝယ် သိသိသာ ကျဆင်းလာခဲ့ကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အဖမ်းဆီး စစ်ဆေးများနေပြီး အလုပ်အကိုင်များ အဆင်မပြေဖြစ်နေကြသဖြင့် စီးပွားရေးကြပ်တည်းမှုနှင့် ရင်ဆိုင်နေရသူများမှာ ရွှေဈေးကောင်းချိန်တွင် လာရောက်ထုတ်ရောင်းခြင်း၊ ပေါင်နှံခြင်းများပြုလုပ်လျက်ရှိသည်ဟု ရွှေဆိုင်ပိုင်ရှင်အချို့က ပြောသည်။

ရွှေဈေး၊ ဒေါ်လာဈေးတက်ချိန် ရန်ကုန်၊ မန္တလေးမြို့ကြီးမှာကဲ့သို့ အခေါက်ရွှေများကို ပိသာလိုက်ဝယ်ယူစုဆောင်းသူများမှာ ထားဝယ်တွင် မရှိသလောက်ရှားသည်ဟု လုပ်ငန်းရှင်အချို့က ဆိုသည်။