မြိတ်တွင် အခေါက်ရွှေ အရောင်းအဝယ် ဈေးကျပ်တစ်သိန်းအထိ ကွာဟ

0
130

မြိတ်မြို့ရှိ ရွှေဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ရောင်းဈေးနှင့် ဝယ်ယူသည့်ဈေးနှုန်းမှာ ကျပ်တစ်သိန်းအထိ ကွာဟမှုရှိနေကြောင်း ယင်းဈေးကွက်အတွင်းထံမှ သိရသည်။

လတ်တလော ဒေါ်လာဈေးနှင့် ရွှေဈေးနှုန်းများ မြင့်တက်လာသည့်အချိန်တွင် ကျပ်တစ်သိန်းကွာဟခြင်းဖြစ်ကြောင်း ဆိပ်ငယ်ဈေးကြီးရှိ လက်ဝတ်ရတနာအရောင်းဆိုင်ရှင်အချို့ထံမှ သိရသည်။

အခေါက်ရွှေ ဈေးနှုန်းသည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် တစ်ကျပ်သားလျှင် ကျပ် ၂၂၅၀၀၀၀ ဈေးရှိခဲ့ပြီး ရောင်းချမည်ဆိုပါက ကျပ် ၂၁၅၀၀၀၀ သိန်းရရှိမည်ဖြစ်သည်။

ယင်းကဲ့သို့ ရောင်းဈေး နှင့် ဝယ်ဈေးကွာဟခြင်းမှာ ရွှေအရောင်းဆိုင် တစ်ဆိုင်နှင့် တစ်ဆိုင် တူညီမှုမရှိကြကြောင်း ရွှေအရောင်းဆိုင် အသိုင်းအဝိုင်းမှ သိရသည်။

ရောင်းဈေးနှင့် ဝယ်ဈေးတို့မှာ အနည်းဆုံး ကျပ်ငါးသောင်းနှင့် အများဆုံးကျပ်တစ်သိန်းအထိ ကွာခြားခြင်းဖြစ်ကြောင်း သိရသည်။

“ရွှေဆိုင်အချင်းချင်းတွေဆိုရင် ငါးသောင်း၊ ခုနှစ်သောင်းခန့် ရှိတယ်” ဟု ဆိပ်ငယ်ဈေးကြီးရှိ လက်ဝတ်ရတနာ အရောင်းဆိုင်တစ်ဆိုင်မှ ဆိုင်ပိုင်ရှင်အမျိုးသမီးက ပြောသည်။

မြန်မာကျပ်ငွေ အပေါ် ယုံကြည်မှု လျော့နည်းလာပြီးနောက် ယခု လကုန်ပိုင်းတွင် ရွှေဈေး၊ ဒေါ်လာဈေး ထိုးတက်နေသည်။ ယနေ့တွင်မူ ရန်ကုန်တွင် ရွှေဈေး ပြန်ကျရိပ်သန်းနေသည်။