ရေးတွင် စိတ်ဝေဒနာရှင်လူငယ်တစ်ဦး ပစ်သတ်ခံရ

0
269

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့ ချောင်းတောင်တံတားဂိတ်တွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပစ်သတ်ခဲ့ကြောင်း သိရသည်။

ရေးမြို့နယ် ခေါဇာမြို့မှ အသက် ၂၇ နှစ်အရွယ် မောင်ရဲနိုင်ဦးသည် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းခန့်က နေအိမ်မှ တစ်ဦးတည်းထွက်သွားခဲ့ရာမှ ည ၇ နာရီကျော်ခန့်တွင် မောင်ရဲနိုင်ဦး ပစ်သတ်ခံရကြောင်းကို ရဲစခန်းက အကြောင်းကြားလာခဲ့သည်ဟု မိသားစုဝင်တို့က ပြောသည်။

မောင်ရဲနိုင်ဦးသည် ထိုင်းနိုင်ငံမှ ပြန်ရောက်လာသည်မှာ ရက်ပိုင်းသာရှိသေးကြောင်း စိတ်ကျန်းမာရေးဝေဒနာခံစားနေရသူတစ်ဦးဖြစ်ကြောင်းလည်း မိသားစုဝင်တို့က ပြောသည်။

မောင်ရဲနိုင်ဦး ရုပ်အလောင်းကို ပြန်ပေးရန် မိသားစုဝင်တို့က တောင်းဆိုခဲ့ကြသော်လည်း အလောင်းကို ပြန်မပေးဘဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့က ၎င်းတို့အစီအစဉ်ဖြင့် သင်္ဂြိုဟ်ခဲ့သည်ဟု မိသားစုဝင်တို့က ပြောသည်။

“အလောင်းကို မျက်နှာလောက်ပဲ ကြည့်ခွင့်ပေးတယ်၊ ကိုင်လည်းမပေးကိုင်ဘူး၊ မျက်နှာကို ကြည့်ရုံနဲ့ ဘယ်လောက် နှိပ်စက်ခံထားရသလဲဆိုတာ သိနိုင်ပါတယ်” ဟု သေဆုံး မောင်ရဲနိုင်ဦး မိသားစုဝင်တစ်ဦးက ပြောသည်။

မောင်ရဲနိုင်ဦးသည် စစ်ဆေးမေးမြန်းသည်ကို လက်မခံဘဲ ထွက်ပြေးသည်ဆိုပြီး ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်ဖွဲ့ဝင်တို့က ပြောဆိုထားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့ကလည်း ရေး ချောင်းတောင်တံတားဂိတ်တွင် ဗုံးလာပစ်သည်ဟုဆိုကာ လူတစ်ဦးကို ပစ်သတ်ခဲ့သေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း၌ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူတို့အား ပစ်သတ်မှုများရှိသည့်အပြင် ယခုကဲ့သို့ လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်ဆေးသည်ကို လက်မခံဘဲ ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ်ခဲ့သည်တို့လည်း ရှိသည်။