ကုန်ဈေးနှုန်းကြီးမြင့်မှု ဆောက်လုပ်ရေး တင်ဒါလုပ်ငန်းများ အရှုံးပေါ်နိုင်

0
339

ကုန်ဈေးနှုန်းကြီးမြင့်လာမှုကြောင့် ဆောက်လုပ်ရေး တင်ဒါလုပ်ငန်းများအရှံးပေါ်နိုင်ဟု လုပ်ငန်းရှင်အချို့က ခန့်မှန်းနေကြသည်။

မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းပြီး ဘတ်ဈေး၊ ဒေါ်လာဈေးများ တက်လာခြင်းကြောင့် ဘဏ္ဍာရေးနှစ် မပိတ်မီ လုပ်ငန်းမပြီးစီးသေးသည့် ဆောက်လုပ်ရေး တင်ဒါလုပ်ငန်းများ အရှုံးပေါ်နိုင်ကြောင်း တနင်္သာရီတိုင်းအတွင်းရှိ တင်ဒါလုပ်ငန်းရှင်အချို့က ပြောသည်။

စက်တင်ဘာလ ၂၉ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ပြင်ပပေါက်ဈေး မြန်မာငွေ ၂၇၀၀ ကျပ်ခန့်ရှိနေပြီး ထိုင်းဘတ်ငွေမှာ တစ်ကျပ် ၇၀ ကျပ်ကျော်အထိဖြစ်နေသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။

အခေါက်ရွှေမှာလည်း တစ်ကျပ်သား ၂၂၁၃၀၀၀ ကျပ်အထိဖြစ်နေပြီး စက်သုံးဆီဈေးမှာ (92 ဓာတ်ဆီ) တစ်လီတာလျှင် ၁၄၀၀ ကျပ်ကျော်ဖြစ်နေသည်။

ယင်းသို့ ဒေါ်လာဈေး၊ ဘတ်ဈေး၊ ဆီဈေးများတက်နေသဖြင့် ဆောက်လုပ်ရေးတွင်အသုံးပြုသည့် ဘိလပ်မြေ၊ သံချောင်း စသည့် ကုန်ပစ္စည်းဈေးများလည်းလိုက်တက်နေသဖြင့် ယခင်ခန့်မှန်းထားသည့်ငွေထက် ကုန်ပစ္စည်းဖိုးတွေ ပိုတက်လာကြောင်း တိုင်းအတွင်းရှိ ဆောက်လုပ်ရေးတင်ဒါ ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

“ရိုက်ခတ်တာကတော့ ရှိတာပေါ့၊ ကျွန်တော်တို့ စာချုပ်ချုပ်ထားပြီးရင် ကျွန်တော်တို့ပြင်လို့မရတော့ဘူးလေ၊ အရှုံးကတော့ ပေါ်မှာပေါ့၊ အကုန်ဈေးတက်လာပြီဆိုရင်၊ အရင်တွက်ချထားတဲ့ဈေးနှုန်းထက် အကုန်လုံးပိုလာပြီဆိုရင် အရှုံးပေါ်တာပေါ့”ဟု တာဝန်ရှိသူက ဆိုသည်။

စက်တင်ဘာ ၃၀ ရက်တွင် ဘတ်ဂျတ်ကာလပြီးဆုံးမည်ဖြစ်ပြီး ယင်းကာလတွင် ပြီးဆုံးနေပြီဖြစ်သည့် လုပ်ငန်းများအတွက် ရိုက်ခတ်မှုမရှိသော်လည်း တင်ဒါရာသီပြီးဆုံးချိန် လုပ်ငန်းမပြီးစီးသေးသည့် လုပ်ငန်းများတွင် သွားထိခိုက်စရာဖြစ်လာသည်ဟု ၎င်းက ပြောသည်။

“အကုန်လုံးဈေးကြီးနေတာနေကိုး၊ အဆောက်အအုံသမားတွေကတော့ အရှုံးပေါ်ဖို့များပါတယ်၊ ဈေးကအကုန်တက်ကုန်ပြီ၊ မပြီးတဲ့သူတွေက ပြဿနာတော့ နည်းနည်းပိုများသွားမှာပေါ့၊ ဘယ်သူမှလည်း မပြီးပါဘူး၊ ပြီးတဲ့သူတွေကတော့ နည်းနည်းအားသာမှာပေါ့” ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းမှုဂယက်၊ ကိုဗစ်တတိယလှိုင်းဖြစ်ခြင်း၊ ဘဏ်တွင် ငွေလိုသလောက်ထုတ်မရခြင်း၊ ဘဏ်က ငွေကို လိုသလောက်မထုတ်ပေးနိုင်ဘဲ အကန့်အသတ်များဖြင့်သာ ထုတ်ပေးနေသဖြင့် လုပ်ငန်းလည်ပတ်ရာတွင် ကြန့်ကြာမှုများရှိခဲ့သည်ဟု တာဝန်ရှိသူက ပြောသည်။

ယင်းကြောင့် တင်ဒါကုမ္ပဏီများက ၎င်းတို့၏အခက်အခဲများကို တင်ပြကာ လုပ်ငန်းအပ်နှံချိန်ကို ထပ်တိုးတောင်းခဲ့သဖြင့် စစ်ကောင်စီက ဒီဇင်ဘာလအထိ အချိန်ထပ်တိုးပေးထားသည်ဟု သိရသည်။

စက်တင်ဘာလကုန်အထိ လုပ်ငန်းမပြီးစီးသေးသည့် ဆောက်လုပ်ရေးလုပ်ငန်းများမှာ လက်ရှိဖြစ်ပေါ်နေသည့် ဒေါ်လာဈေးနှင့် ထိုင်းဘတ်ဈေး၊ ဆီဈေးအတက်ကြမ်းနေသည့်အတိုင်း ကုန်ပစ္စည်းဝယ်ယူရမည်ဖြစ်သဖြင့် အရှုံးပေါ်နိုင်ခြေရှိသည်ဟု မြိတ်အခြေစိုက် တင်ဒါကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ခန့်မှန်းပြောဆိုထားသည်။

“ကျွန်တော် ကုမ္ပဏီအနေနဲ့ပေါ့လေ မှန်းထားတာပေါ့၊ ၁၀ ရာခိုင်နှုန်း ကနေ ၂၀ ရာခိုင်နှုန်းလောက်အထိ ဆုံးရှံးမှုရှိမယ်လို့ခန့်မှန်းထားပါတယ်ခင်ဗျ၊ မြန်မာငွေနဲ့ စာချုပ်ချုပ်ထားတော့ ငွေဈေးတက်တက် ကျကျ ကံပဲပေါ့” ဟု ၎င်းက ဆိုသည်။