တောင်ပျောက်တိုက်နယ်တွင် ဥယျာဉ်ခြံလုပ်ကိုင်သည့်ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ ဟုဆို

0
358
ပုံ - သဲချောင်းကြီးရွာအုပ်စုရှိ ချောင်းကူးတံတားအား တွေ့ရစဉ်

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် သဲချောင်းကြီးရွာတွင် ဥယျာဉ်ခြံလုပ်နေသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ယင်းဒေသခံနေသူအချို့ထံမှ သိရသည်။

စက်တင်ဘာလ ၂၇ ရက်က သဲချောင်းကြီးရဲစခန်းနှင့် အထက်တန်းကျောင်းတွင် စစ်သားအင်အား ၇၀ ဦးခန့် လာရောက်တပ်စွဲထားပြီး ဆိုင်ကယ်များကို တားဆီးစစ်ဆေးခဲ့ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။

ထိုနောက် စက်တင်ဘာ ၂၈ ရက် ညနေ ၃ နာရီခန့်တွင် ယင်းကျေးရွာ ဥယာဉ်ခြံများဘက်သို့ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ယင်းဒေသခံက ဆိုသည်။

အဆိုပါ ဥယျာဉ်ခြံရှိ ခြံစောင့်တဲများတွင် PDF များ နေထိုင်သည်အထင်ဖြင့် ယင်းကဲ့သို့ ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

“ဥယျာဉ်ခြံလုပ်နေသူ ကွမ်းသီးလုပ်နေတဲ့ တဲတွေကို လိုက်ဝိုင်းပြီး သေနတ်နဲ့ပစ်တယ်၊ ပြေးရတာပေါ့၊ လက်နက်ကြီးက နှစ်ချက်ပစ်တယ်၊ သေနတ်နဲ့လိုက်ပစ်နေတော့ ရွာသားတွေပြေးရတယ်၊ တကယ်က PDF မဟုတ်ဘူး၊ အဲဘက်မှာ PDF တွေမရှိဘူး” ဟု အဆိုပါ ဒေသခံက ပြောသည်။

ထို့အပြင် ရွာရှိလူနေအိမ်အချို့ကို ဝင်ရောက်ရှာဖွေပြီး နေအိမ်တစ်လုံးကို မီးရှို့ကာ ကားတစ်စီးနှင့် ဆိုင်ကယ်တချို့ကိုလည်း သိမ်းယူသွားခဲ့ကြောင်း အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းသို့ လုပ်ဆောင်ခဲ့သည်ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပုံ – သဲချောင်းကြီးရွာအုပ်စုရှိ ချောင်းကူးတံတားအား တွေ့ရစဉ်