အုပ်ချုပ်ရေးမှူးနေအိမ်အရှေ့ပေါက်ကွဲမှုဖြစ်ပြီးနောက် အိမ်နီးချင်းအမျိုးသားတစ်ဦး အဖမ်းခံရ

0
236
ဦးစိုးမင်းထွေ

လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နေအိမ်အရှေ့ပေါက်ကွဲမှုဖြစ်ပြီးနောက် စက်တင်ဘာလ ၂၁ ရက် ညတွင် အိမ်နီးချင်းအမျိုးသားတစ်ဦး အဖမ်းခံထားရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အဆိုပါဖမ်းဆီးခံရသူမှာ ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေအိမ်နှင့် မျက်နှာချင်းဆိုင်အိမ်တွင်နေထိုင်သည့် အသက် ၃၈ နှစ်ဝန်းကျင်ရှိ ဦးစိုးမင်းထွေးဆိုသူဖြစ်သည်။

ကမြောကင်းကျေးရွာအုပ်စု သောကြာပြင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဦးထွန်းမင်း၏ နေအိမ်အရှေ့တွင် စက်တင်ဘာလ ၂၁ ရက် နံနက်က ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၃ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးကာ ဇနီးဖြစ်သူ ဒဏ်ရာရရှိခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် ညရှစ်နာရီခန့်တွင် တပ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာပြီး မေးမြန်ရန်ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားကြောင်း အဖမ်းခံရသူနှင့်ရင်းနှီးသည့် ဒေသခံအမျိုးသား တစ်ဦးကဆိုသည်။

“သူက ဧရာဝတီတိုင်းဘက်ကပါ။ ဒီမှာအိမ်ထောင်ကျတာပေါ့။ ဖုန်းတောင် ကောင်းကောင်း ကိုင်တက်သူ မဟုတ်ဘူး”ဟု အထက်ပါအမျိုးသား ကပြောသည်။

ဦးစိုးမင်းထွေးအား မောင်းမကန်နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟုသိရပြီး မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရသည်ကိုမူ လက်ရှိအချိန်ထိ မသိရသေးကြောင်း ၎င်းက ဆိုသည်။

“မနက်ကတော့ စစ်ဆေးပြီး လွှတ်ပေးမယ်ဆိုလို့ သူ့မိန်းမလိုက်သွားတယ်ကြားတယ်။ မြို့နယ်က ဖမ်းခိုင်းတာဖြစ်လို့ မြို့နယ်က ပြောမှလွှတ်လို့ရမယ်လို့ သိရတယ် “ဟု အထက်ပါ အမျိုးသား ကပြောသည်။

ဧရာဝတီတိုင်းသားတစ်ဦးဖြစ်သည့် ဦးစိုးမင်းထွေးမှာ ယင်းကျေးရွာတွင်နေထိုသည်မှာ ဆယ်နှစ်နီးပါးရှိပြီး ဇနီးနှင့် သားနှစ်ယောက် ၊သမီး သုံးယောက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။