ကျိုက်ထိုတွင် တစ်ရက်အတွင်း အမျိုးသားနှစ်ဦး မိုင်းနင်းမိ

0
211

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် တစ်ရက်အတွင်း အမျိုးသားနှစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထို ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့က နံနက် ၇ နာရီအချိန်ခန့်က ကျိုက်ထိုမြို့နယ် ကင်းမွန်းချောင်းကျေးရွာသို့အသွား ချောင်းကွေ့ကျေးရွာအနီးတွင် အသက် ၄၁ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးမိုင်းနင်းမိခဲ့သည်။

အဆိုပါ မိုင်းနင်းမိသည့် အမျိုးသားသည် ခြေထောက်နှစ်ဖက်စလုံးတွင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့၏ အကူအညီဖြင့် ကျိုက်ထိုဆေးရုံသို့ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည်။

၎င်းပြင် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်ကလည်း ဆောင်နိုင်ကြီးကျေးရွာနှင့် မဲရုံးကျေးရွာအကြားတွင် အသက် ၅၀ ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ဆောင်နိုင်ကြီးကျေးရွာနှင့် မဲရုံးကျေးရွာအကြား မိုင်းနင်းမိသည့် အမျိုးသားသည် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အတွက် ကျိုက်ထိုဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရသည်။

“တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ကျိုက်ထိုဆေးရုံကနေ မော်လမြိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်” ဟု ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ကျိုက်ထီးရိုးတောင် ရေတံခွန်သွားလမ်းတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ဒေသအတွင်း မိုင်းနင်းမိသည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် ဒေသခံများ သွားလာ လုပ်ကိုင်စားသောက်ကြရန် စိုးရိမ်ထိတ်လန့်လျက်ရှိသည်။