တနင်္သာရီမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

0
304

မြိတ်ခရိုင် တနင်္သာရီမြို့နယ် အမှတ် ၉ ကျေးရွာအုပ်စု အမှတ် ၉ ကျေးရွာအုပ်ချုပ်ရေးမှူး  ဦးအေးမင်းကိုသည် စက်တင်ဘာလ ၂၁ ရက်နေ့ ညခြောက်နာရီကျော်အချိန်ခန့်က သေနတ်ဖြင့် ပစ်ခံခဲ့ရကြောင်း သိရသည်။

အမှတ် ၉ ကျေးရွာရှိ ကိုဗစ်စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေစဉ် ဆိုင်ကယ်မောင်း နှင်လာသူ အမျိုးသားတစ်ဦးက သေနတ် လေးချက်ပစ်ပြီး ထွက်ပြေးသွားခဲ့ကြောင်း အမှတ် ၉ ရွာအနီးရှိ မောတောင်မြို့မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပြသည်။

“ဦးဆုံးတစ်ချက်ပဲထိတာ၊ ကျန်သုံးချက်ကမထိဘူး” အထက်ပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးက ပြောသည်။

သေနတ်ဒဏ်ရာရရှိသည့် အုပ်ချုပ်ရေးမှူးအား မောတောင်တိုက်နယ်ဆေးရုံသို့ တင်ပို့ခဲ့ပြီး ညခုနှစ်နာရီခွဲအချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း မောတောင်မြို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးက ပြောပြသည်။

သေနတ်ဖြင့် ပစ်ခတ်သူသည် ဆိုင်ကယ်ပေါ်တွင် ပစ္စည်းများတင်ဆောင်ပြီး စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံမည့်ဟန်ပြုလုပ်ကာ သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ထွက်ပြေးသွားကြောင်း ၎င်းက ဆိုသည်။

အုပ်ချုပ်ရေးမှူးအား သေနတ်ဒဏ်ရာဖြင့် ဆေးရုံသို့ တင်ဆောင်လာပြီး သေဆုံးသွားသည်ကို ကြားသိခဲ့ရကြောင်း မောတောင်မြို့နေသူ အမျိုးသားတစ်ဦးက ပြောပြသည်။

အုပ်ချုပ်ရေးမှူး ဦးအေးမင်းကိုသည် ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် တက်ကြွစွာဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပြီး အကြောင်းကြောင်းကြောင့် ပါတီမှ ရပ်ဆိုင်းခံထားရသူဖြစ်ကြောင်း ယင်းပါတီအသိုင်းအဝိုင်းထံမှ သိရသည်။

ယင်းနောက် စစ်ကောင်စီ လက်ထက်တွင် ၎င်းနေထိုင်ရာ အမှတ် ၉ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်နေကြောင်း သိရသည်။