အရှုံးပေါ်သဖြင့် ကမ်းနီးငါးဖမ်းလှေအချို့ရပ်နား

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

လုပ်ငန်းအရှုံးပေါ်နေသည့်အတွက် တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ကမ်းနီးငါးဖမ်းလှေငယ်အချို့ ရပ်နားထားရကြောင်း ကာယကံရှင်များ ထံမှသိရသည်။

ကမ်းနီးလှေငယ်များအနေဖြင့် ငါးရရှိမှုနည်းပါးလာခြင်း၊ ငါးဈေးကျဆင်းခြင်း၊ လှေထွက်စရိတ်ကြီးမြင့်လာခြင်းတို့ကြောင့် အရှုံးပေါ်ကာ ဆက်လက် လုပ်ကိုင်နိုင်ခြင်း မရှိသည့်အတွက် ရပ်နားထားရကြောင်း ကမ်းနီးငါးဖမ်းလှေ လုပ်ကိုင်သူများ ကပြောသည်။

ထားဝယ်ခရိုင်တွင် ကမ်းဝေးလှေများက ကမ်းနီးငါးဖမ်းကွက်များတွင် တရားမဝင် ငါးဝင်ဆွဲသဖြင့် ကမ်းနီးငါးဖမ်းပိုက်၊ ကင်းမွန်မြုံးများ မကြာခဏ ပျက်စီးသဖြင့် ကမ်းနီးငါးဖမ်းလုပ်သားများ ညည်းတွားလျက်ရှိသည်။

“(စက်သုံးဆီ) ဆီစရိတ်၊ စားစရိတ်တွေက ဈေးတက်ပြီး ငါးဈေးကထက်ဝက်ကျတယ်။ ငါးကလည်းအရင်လို မရတော့ဘူး ရပ်တဲ့လှေတွေလည်းရပ်ကုန်ကြပြီ”ဟု မြိတ်မြို့မှ ကမ်းနီး ငါးဖမ်းလှေလုပ်ကိုင်သူ ဦးမြင့်လွင်ကပြောသည်။

ယင်းသို့ အရှုံးပေါ်နေသည့်အတွက် အချို့လုပ်ငန်းမလည်ပတ်နိုင်တော့ဘဲ ရပ်နားကာ လှေရောင်းချသူ များပြားလာနေကြောင်း မြိတ်မြို့မှ ကမ်းနီးငါးဖမ်းလှေလုပ်ငန်းရှင် ကိုထွန်းထွန်းနောင် ကပြောပြသည်။

“ရှုံးတဲ့လှေကရှုံး၊ ကျန်တဲ့လှေလည်း နည်းနည်းပါးပါးကျန်၊ အဲလိုမျိုးပဲဖြစ်နေတယ် နားထားတဲ့လှေတွေလည်းမနည်းဘူး။ ပြန်ရောင်းတဲ့လှေတွေလည်း မနည်းဘူး”ဟု ကိုထွန်းထွန်းနောင် ကပြောသည်။

ယခင်က ပလာတူးငါးတစ်ခြင်းလျှင် ငွေကျပ် သုံးသောင်းကျော်အထိရောင်းချရပြီး ယခုအခါ နှစ်သောင်းပင်မရတော့ဟု ကမ်းနီးငါးဖမ်းသူများက ပြောပြသည်။

ကိုဗစ်မဖြစ်မီက မြိတ်မြို့ရှိအပြည်ပြည်ဆိုင်ရာငါးလေလံဈေးမှ တစ်ဆင့် မြိတ်မြို့နယ်ကျေးရွာများသို့ ဆိုင်ကယ်ဖြင့် သွားရောက်ရောင်းချခဲ့သူ များပြားခဲ့သော်လည်း ယခုအခါရွာများမှ ကျန်းမာရေးကန့်သတ်မှုများကြောင့် သွားရောက် ရောင်းချကြသူ နည်းပါးလာကြောင်း ငါးရောင်းချသူများ ကဆိုသည်။

ကမ်းဝေးလှေများအနေဖြင့် ငါးသားပေါက်ရာသီ သုံးလရပ်နားထားရပြီး ကမ်းနီးလှေများကိုမူ တနှစ်ပတ်လုံး ဖမ်းဆီးခွင့်ပြုထားသည်။

မြိတ်ခရိုင်အတွင်း ကမ်းဝေးငါးဖမ်းလှေကြီး ၁၅၀၀ ခန့်နှင့် ကမ်းနီးငါးဖမ်းလှေ ငါးထောင်ကျော်ရှိသည်။