မော်လမြိုင်တွင် ဗုံးနှစ်ကြိမ် ဆက်တိုက်ပေါက်

0
178

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

ယနေ့နံနက် ၈ နာရီနှင့် ၉ နာရီခွဲဝန်းကျင်ခန့်အကြားတွင် မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် သံလွင်ဈေးအနီး ကမ်းနားလမ်းဘက်တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။

“၈ နာရီကျော်ကျော်မှာ တစ်ခါပေါက်တယ် နောက် ၉ နာရီခွဲလောက်မှာ တစ်ခါထပ်ပေါက်တယ် အကျယ်ကြီးပဲ အသံက အချိန်ကလည်း လူသွားလူလာများတဲ့အချိန်ဖြစ်နေတော့ ထိတ်လန့်ကုန်တာပေါ့” ဟု ဘိုကုန်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာတွင် အာဏာသိမ်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေး တင်းကြပ်ထားပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ရပ်ကွက်နေသူတို့က ပြောသည်။

စစ်တပ်အာဏာသိမ်းပြိးနောက် မော်လမြိုင်မြို့ပေါ်တွင် ဗုံးဟုယူဆရသည့် ပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်အပြင် ဗုံးတွေ့ရှိမှုလည်း ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

ထိုကဲ့သို့ ဗုံးပေါက်ကွဲမှု ဗုံးတွေ့ရှိမှုများဖြစ်ပေါ်လာပြီးနောက်ပိုင်း မြို့ပေါ်နေရာအနှံ့နှင့် မြို့အဝင်အထွက်နေရာများတွင် စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာလိုက်သည့် စက်တင်ဘာ ၇ ရက်နေ့နောက်ပိုင်းတွင် မွန်ပြည်နယ်အတွင်းရှိ ရေး၊ သထုံ၊ ကျိုက်မရော အစရှိသည့်မြို့နယ်တို့တွင်လည်း ပေါက်ကွဲမှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။