လောင်းလုံး နခံတောတွင် သမီးဖြစ်သူကိုမတွေ့သဖြင့် မိဘနှစ်ပါးကို ဖမ်းဆီး

0
303

ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်၊ နခံတောရွာတွင် သမီးဖြစ်သူကိုမတွေ့သဖြင့် မိဘနှစ်ပါးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း အနီးဝန်းကျင်တွင်နေထိုင်သူ ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

စက်တင်ဘာ ၁၅ ရက် ည ၁၀ နာရီခန့်က လက်နက်အင်အားအပြည့်အစုံနှင့် စစ်ကားတစ်စီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဆယ်ကျော်နှင့် ဆိုင်ကယ်စီးကာ လမ်းပြခေါ်ဆောင်လာသူ အမျိုးသားတစ်ဦးက နခံတောကျေးရွာတွင် မဇင်မာဖြိုးကို လာရောက်ရှာဖွေဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းကို မတွေ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သူမ၏ မိဘနှစ်ပါးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အိမ်နီးချင်း လူငယ်အမျိုးသားက ပြောသည်။

“တံခါးတွေကို ရိုက်ဖွင့်ပြီး မဇင်မာဖြိုးကို ရှာတယ်။ မဇင်မာဖြိုးမရှိဘူးဆိုတော့ မိဘနှစ်ပါးကို ဖမ်းဆောင်သွားတယ်။ မျက်နှာကို ပိတ်ပြီး ခေါ်ဆောင်သွားတယ်” ဟု လူငယ်အမျိုးသားက ဆိုသည်။

သူမ၏ မိဘနှစ်ပါးမှာ အသက် ငါးဆယ်ကျော်ဝန်းကျင်ပါးခန့်ရှိမည်ဖြစ်ပြီး လက်ရှိအချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း ၎င်းက ပြောသည်။

မဇင်မာဖြိုး အသက် ၂၁ နှစ်ခန့်ရှိပြီဖြစ်ပြီး ယခင်က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ဖူးသော်လည်း ရပ်နားထားသည်မှာ ကြာပြီဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူအသိုင်းအဝိုင်းက ပြောသည်။

သူမ၏ အဖေကို စစ်တပ် တပ်ဖွဲ့ဝင်များက သေနတ်ဒင်နှင့်ထုကာဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပြီး မိခင်ဖြစ်သူမှာ နှလုံးရောဂါအခံရှိကြောင်း လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

မဇင်မာဖြိုး၏ မိဘများမှာ နိုင်ငံရေးနှင့် သက်ဆိုင်မှုမရှိဘဲ သမီးဖြစ်သူကိုလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွင် မပါဝင်ရန် တားမြစ်ထားပြီး သမီးဖြစ်သူနှင့်အတူနေထိုင်ခြင်းမရှိသည်မှာ ကြာပြီဖြစ်ကြောင်း လူငယ်အမျိုးသမီးက ဆိုသည်။

“၂ လပိုင်းတည်းက အိမ်နဲ့ အဆက်အသွယ်မရှိဘူး။ နိုင်ငံရေးလည်း နားထားတယ်ဆိုတော့ မိဘနဲ့လဲ လုံးဝမသက်ဆိုင်ဘူးဆိုတော့ ဒါက မတရားဘူးလို့ပဲ ထင်တယ်” ဟု လူငယ်အမျိုးသမီးက ဆိုသည်။

မဇင်မာဖြိုး၏ မိဘများမှာ နိုင်ငံရေးနှင့် ပတ်သက်မှုမရှိဘဲ မတရားဖမ်းဆီးခံရခြင်းဖြစ်ပြီး အမြန်ဆုံးလွတ်ပေးရန်လိုလားကြောင်း ၎င်းက ပြောသည်။

အလားတူ ယနေ့ နံနက် ၃ နာရီခန့်တွင် ထားဝယ်မြို့သစ် (၆) လမ်းရှိ နေအိမ်တစ်ဆောင်ကို စစ်တပ်များ ဝင်ရောက်ရှာဖွေစီးနင်းခဲ့ပြီး နေအိမ်ရှိ အလုပ်သမားအမျိုးသား တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆွေမျိုးနီးစပ်သူ လူငယ်အမျိုးသားက ပြောသည်။

“ဘယ်သူ့ကို လာရှာတာလဲလို့မေးလဲ ပြောပိုင်ခွင့်မရှိဘူးလို့ပြောတယ်၊ အလုပ်သမားတစ်ယောက်ကို ဖမ်းသွားတယ်၊ ဘာလို့ ဖမ်းတာလဲမေးတော့လဲ ပြောပိုင်ခွင့်မရှိဘူးလို့ပဲ ပြောတယ်တဲ့” ဟု ဝင်ဝိုင်းခံရသည့်နေအိမ်နှင့် ဆွေမျိုးတော်စပ်သူ လူငယ်အမျိုးသားက ပြောသည်။

အဆိုပါအိမ်တွင် အဒေါ်နှစ်ဦးနှင့် ဝမ်းကွဲညီမ နှစ်ဦး အလုပ်သမား အမျိုးသားတစ်ဦးနေထိုင်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသူများကို စစ်ကောင်စီတပ်များက တင်းတင်းကြပ်ကြပ် ရှာဖွေဖမ်းဆီးမှုများပြုလုပ်နေပြီး နေအိမ်များကိုလည်း နေ့၊ ည မရွေး ဝင်ရောက်ရှာဖွေခြင်း၊ ဧည့်စာရင်းစစ်ခြင်း၊ နေ့ဘက်တွင် လမ်းသွားလမ်းလာ ပြည်သူများကို အပြင်ထွက်ကတ်ပြားစစ်ဆေးခြင်း၊ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်စစ်ဆေးခြင်းတို့အပြင် ဖုန်းနှင့် Facebook စသည့် လူမှုကွန်ရက်များကို စစ်ဆေးခြင်းများပြုလုပ်လျက်ရှိသည်။

ယင်းသို့ ထားဝယ်တွင် တင်းတင်းကြပ်ကြပ် ရှာဖွေဖမ်းဆီး စစ်ဆေးမှုကြောင့် ဒေသခံများမှာ စိုးရိမ်ပူပန်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး လူငယ်အချို့မှာလည်း နေ့စဉ်လိုပင် ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရကြောင်း ဒေသခံအချို့က ပြောသည်။

အချို့ကိုမူ ပြန်လွှတ်ပေးခဲ့သည်။