သထုံတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
251

မွန်ပြည်နယ် သထုံမြို့နယ် ပိန္နဲတောကျေးရွာတွင် အမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပိန္နဲတောကျေးရွာရှိ စစ်တပ်စခန်းရှေ့တွင် စက်တင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တို့မှ ဖြတ်သန်းသွားလာနေသူတို့ကို တားဆီးစစ်ဆေးမှုများပြုလုပ်နေခဲ့သည်။

ထိုသို့ တားဆီးစစ်ဆေးနေစဉ် အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးက တားဆီးစစ်ဆေးနေမှုကို လက်မခံဘဲ မောင်းနှင်ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဖြတ်သွား ဖြတ်လာသူတွေကို စစ်ဆေးနေတဲ့အချိန်မှာ အစစ်မခံဘဲ ဆိုင်ကယ်မောင်းပြေးသွားလို့ဆိုပြိးပစ်လိုက်တယ်လို့ သိရတယ်၊ တစ်ယောက်ကတော့ သေသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသည့် လူနှစ်ဦးတွင် တစ်ဦး သေဆုံးသွားပြိး ကျန်တစ်ဦးမှာ ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သေဆုံးသူအလောင်းကို စစ်တပ်က သယ်ယူသွားကြောင်း သိရသည်။

လတ်တလောတွင် စစ်တပ်ဖွဲ့ဝင်တို့က လုံခြုံရေးဟုဆိုကာ မြို့ပေါ်များအပြင် ရပ်ကွက်ကျေးရွာအချို့တို့တွင်လည်း စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာခဲ့သည်။

ထိုသို့ တားဆီးစစ်ဆေးပြီး ဖမ်းဆီးလေ့ရှိသလို ဖြတ်မောင်းသွားသူတို့ကိုလည်း သေနတ်ဖြင့် ပစ်ခတ်လေ့ရှိသည်။