ထားဝယ်တွင် ကွမ်းသီး ဈေးကောင်း

0
641

ထားဝယ်ခရိုင်တွင် ရာသီအစ၌ ကွမ်းသီးဈေး မနှစ်ထက် ဈေးကောင်းနေကြောင်း မြို့ပေါ်ပွဲရုံနှင့် တောင်သူအချို့ထံက သိရသည်။

ပြည်ပ ဝယ်လိုအားများပြီး ပွဲရုံတွင် သိုလှောင်ထားသည့် ကွမ်းသီးနည်းသည့်အတွက်ကြောင့်လည်း ကွမ်းသီးအဟောင်းဈေး တစ်ပိဿာ ၉ ၅၀၀ ကျပ် အထိ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း ပွဲရုံလုပ်ငန်းရှင်အချို့က ဆိုသည်။

လက်ရှိတွင် အရည်အသွေးကောင်း ကွမ်းသီးအသစ် မပေါ်သေးဘဲ ရက်ပိုင်းသာ နေလှန်းထားသည့် ကွမ်းသီး အသစ်များသာ အရောင်းအဝယ် ရှိနေသည်။

ယမန်နှစ်ရာသီအစက ကွမ်းသီးအသစ် ခွဲခြမ်း တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ကျော်ခန့်သာရှိသော်လည်း ယခုနှစ်တွင် တစ်ပိဿာ ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်ခန့်ပေါက်ဈေးရှိသည်ဟု ထားဝယ်မြို့၊ ဗလီသဘော့ဆိပ်ရပ်ကွက်ရှိ ကွမ်းသီးပွဲရုံပိုင်ရှင် ကိုအီစာက စက်တင်ဘာ ၁၄ ရက်နေ့က ပြောကြားသည်။

တစ်ရက် သို့မဟုတ် နှစ်ရက် နေလှမ်းထားသည့် ကွမ်းသီးအသစ် အစို၊ အခြောက် အပေါ်မူတည်ပြီး အနည်းဆုံး တစ်ပိဿာ ငွေကျပ် လေးထောင်၊ နေပြန်လှမ်းစရာမလိုသည့် အရည်အသွေးကောင်း ကွမ်းသီးခြောက်ကို တစ်ပိဿာ ငါးထောင်ကျပ်ဖြင့် ဝယ်ယူနေသည်ဟု ကိုအီစာက ပြောသည်။

“မနှစ်တုန်းက ကွမ်းသီးအဟောင်းဈေးက (တစ်ပိဿာ ကျပ်) ၅၀၀၀/၆၀၀၀ မှာရှိတယ်၊ အဲတော့ အသစ်ကို နှစ်ထောင် နှစ်ထောင့်ငါးရာနဲ့ ဖြတ်ရတယ်။ ဒီတစ်နှစ် ကွမ်းသီးအဟောင်းဈေးက ၉ ၀၀၀၊ ၉ ၅၀၀ ရှိတယ်ဆိုတော့ အသစ်ဈေးကို ၄၀၀၀/၅၀၀၀ နဲ့ အဲလိုစဖြတ်ရတယ်ခင်ဗျာ။ အဟောင်းဈေးကို အခြေခံပြီးလိုက်ဖြတ်နေရတယ်” ဟု ကိုအီစာက ပြောသည်။

ယခုနှစ် ပြည်ပပို့ ကွမ်းသီးဈေးကောင်းခြင်းမှာ မြန်မာငွေနှင့် ဒေါ်လာ လဲလှယ်မှုနှုန်း အပြောင်းအလဲကြောင့် ဖြစ်သည်။ မြန်မာ့ စီးပွားရေး ကျဆင်းလာသည့် သင်္ကေတအဖြစ် ကျပ်ငွေ တန်ဖိုး ထိုးကျနေပြီး ပြင်ပ ငွေလဲ ဈေးကွက်တွင် တစ်ဒေါ်လာ ၂၀၀၀ ကျပ် ကျော် အထိ ဈေးပေါက်နေသည်။

လက်ရှိတွင် အရည်အသွေးကောင်း ကွမ်းသီးအသစ် အထွက်သေးသော်လည်း ကွမ်းသီးအလုံး အစိမ်းနုများ အရောင်းအဝယ်ဖြစ်နေသည်။ ကွမ်းသီး အစိမ်းနု တစ်လုံးလျှင် ၃၀ ကျပ်မှ ၃၂ ကျပ်၊ ၃၃ ကျပ်ခန့်ဖြင့် ဈေးကွက်အတွင်း ဝယ်ယူနေကြသည်ဟု ပွဲရုံလုပ်ငန်းရှင် အချို့နှင့် တောင်သူအချို့က ပြောသည်။

သရက်ချောင်းမြို့နယ်တွင် ကွမ်းသီးအလုံး အစိမ်းနု တစ်လုံးကို ၃၀ ကျပ်ပေးဝယ်ကြောင်း သရက်နှစ်ခွကျေးရွာမှာ ကွမ်းသီး၊ ရာဘာ ဥယျာဉ်ခြံပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကွမ်းသီးသစ်ကတော့ ဒီအချိန်မပေါ်သေးဘူး၊ အစိမ်းနုကလည်း တို့ရွာတွေမှာက လာဝယ်လဲ မရောင်းကြဘူး။ အခြောက်ပဲ ရောင်းကြတာများတယ်၊ အစိမ်းနုရောင်းဖို့က အပင်လဲ အားနာလို့” ဟု ၎င်းက ဆိုသည်။