တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်သူ ငါးရာကျော် နေရပ်မပြန်နိုင်သေး

0
523
ပုံစာ - တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်းစခန်းတစ်ခုထံသို့ ရိက္ခာသယ်ယူနေစဉ်

တနင်္သာရီတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုရှိသည့် ဒေသသုံးခုမှ စစ်ဘေးရှောင် ဒေသခံငါးရာကျော်ခန့် ယနေ့အချိန်အထိ နေရပ်မပြန်ရဲသေးကြောင်း စုံစမ်း သိရှိရသည်။

KNU တပ်မဟာ ၄ ထိန်ချုပ်နယ်မြေရှိ ထားဝယ်မြို့နယ် အရှေ့တောဒေသ၊ ပုလောမြို့နယ် ပိန္နဲတောင်၊ ဆားခဲကျေးရွာအနီး၊ ရေဖြူမြို့နယ် ကျေးဇူးတော်ကျေးရွာတို့တွင် ပြီးခဲ့သည့်လက စစ်ရေးလှုပ်ရှားမှုတို့ကြောင့် ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

လက်ရှိတွင် အရှေ့တောဒေသတွင် လူဦးရေ ၁၀၀ ဝန်းကျင်၊ ဆားခဲကျေးရွာအနီးတွင် ၃၅၀ ဝန်းကျင်၊ ကျေးဇူးတော်ကျေးရွာတွင် ၁၀၀ ဝန်းကျင်ရှိနေဆဲဖြစ်ကြောင်း စစ်ဘေးရှောင်သူများကို ကူညီပေးနေသူအချို့က ပြောသည်။

ပုလောမြို့နယ် ဆားခဲကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်းတွင်မူ ကိုယ်ဝန်ဆောင် အမျိုးသမီး လေးဦးရှိနေပြီး တစ်ဦးမှာ မီးဖွားလုနီးနေပြီဟုဆိုသည်။

စစ်ရှောင်ပြည်သူများအနက် ပုလောရှိ စစ်ရှောင်ပြည်သူများမှာ လူဦးရေပိုများသဖြင့် စားနပ်ရိက္ခာ အခက်အခဲဖြင့် ရင်ဆိုင်နေရကြောင်း ကူညီပေးနေသူတစ်ဦးက ပြောသည်။

“အဓိကလိုအပ်နေတာကတော့ စားနပ်ရိက္ခာနဲ့ အခြေခံလူသုံးဆောင်ပစ္စည်းတွေဖြစ်နေတယ်။ ဥပမာ တဲတို့၊ တာလာပတ်တို့၊ လျှပ်စစ်မီးသီးတို့လိုမျိုးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတာပေါ့” ဟု ၎င်းက ပြောသည်။

ပုလောရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှလွဲပြီး ကျန်စစ်ဘေးရှောင်ပြည်သူများအနက် အချို့မှာ နေရပ်ပြန်နေကြပြီဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးသည် ခေတ်အဆက်ဆက် စစ်ဘေးဒဏ်သင့်ခဲ့ရသော ဒေသတစ်ခု ဖြစ်သည်။