ထားဝယ်တွင် လူငယ် ၂၀ ကျော်ကို ဖမ်းဆီးပြီး အချို့ကို ပြန်လွှတ်ပေး

0
207

ထားဝယ်မြို့တွင် စက်တင်ဘာ ၇ ရက်နေ့က အပြင်ထွက်ကတ်ပြားစစ်သော တပ်ကောင်စီ အဖွဲ့များက လက်ကိုင်ဖုန်းစစ်ပြီး လူငယ် ၂၀ ကျော်ကို ဖမ်းဆီးပြီးနောက် အချို့ကို ပြန်လွှတ်ပေးလိုက်ကြောင်း စုံစမ်း သိရှိရသည်။

ကတ်ပြားစစ်အဖွဲ့က ထားဝယ်မြို့၊ ကမ်းနားလမ်းနှင့် DDPC လမ်းဆုံတွင် လမ်းသွားလမ်းလာ အများပြည်သူများတို့ကို အပြင်ထွက်ကတ်ပြား ပါ မပါ စစ်ဆေးခြင်း၊ ဆိုင်ကယ်လိုင်စင် ပါ မပါစစ်ဆေးခြင်း၊ ယာဉ်မောင်းလိုင်စင် ရှိ၊ မရှိ စစ်ဆေးခြင်းအပြင် ဖုန်းနှင့် facebook ကို စစ်ဆေးခြင်းကြောင့် ထားဝယ်တွင် လူငယ် အမျိုးသမီးနှင့် အမျိုးသား ၂၂ ဦး အဖမ်းခံခဲ့ရကြောင်း ဒေသခံအချို့နှင့် ပြန်လွတ်လာသူ လူငယ်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

“အခု ကျွန်တော်ကြားရတာက လေးယောက်လောက် ကျန်ရစ်တယ်ဆိုကြားတယ်၊ အားလုံး ၁၈ ယောက်လောက်ပြန်လွတ်လာတယ်ပုံစံမျိုးပေါ့၊ ခံဝန်နဲ့ ပြန်လွတ်ပေးလိုက်တာ” ဟု လူငယ်အမျိုးသားက ဆိုသည်။

ပြန်လွတ်လာသည့် လူငယ်အမျိုးသားတွင် အပြင်ထွက်ကတ်ပြား၊ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်အားလုံး အပြည့်အစုံရှိသော်လည်း ဖုန်းကိုတောင်းယူစစ်ဆေးသည့်အခါ Facebook တွင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ပရိုဖိုင်း တင်ထားသဖြင့် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“Facebook ကိစ္စကိုပဲ အဓိက သွားတယ် (အဓိကထားစစ်တယ်)၊ ကျွန်တော်တို့ ပရိုဖိုင်မှာ အဲလို ပြောင်းထားတာကို ဦးတည်ပြီးသွား (စစ်) နေတယ်”ဟု လူငယ်အမျိုးသားက သူ၏ အတွေ့အကြုံကို ပြန်ပြောပြသည်။

ဖမ်းဆီးသွားပြီးနောက် ရဲစခန်းတွင်လည်း ဖုန်းနှင့် Facebook ၊ မက်ဆင်ဂျာတွင် စကားပြောဆိုထားသူများအား မေးမြန်းခြင်း ဓာတ်ပုံများကို ကြည့်ရှုခြင်းအပြင် NUG အစိုးရနှင့် ပက်သက်ပြီး မေးမြန်းခြင်း PDF နှင့်ဆက်သွယ်မှုများအား စစ်မေးခြင်းများပြုလုပ်သည်ဟု ၎င်းက ဆိုသည်။

ပြန်လွတ်လာသူများတွင် အပြင်ထွက်ကတ်ပြားမပါသူ၊ ဆိုင်ကယ်လိုင်စင်မရှိသူ၊ မောင်းလိုင်စင်မရှိသူများလည်း ပါဝင်ပြီး ကျန်ခဲ့သည့် လူငယ်များမှာ PDF များနှင့် ဆက်သွယ်ပြောဆိုမှုရှိခြင်း၊ အသံဖိုင်မက်ဆေ့များကြောင့် ဖမ်းဆီးထားဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။