မြိတ်တွင် ဖုန်းဆိုင်ဖောက်ခံရ

0
349

မြိတ်မြို့တွင် ဖုန်းအရောင်းဆိုင်တစ်ဆိုင်ဖောက်ထွင်း ခံခဲ့ရပြီး ငွေသားသိန်းခြောက်ဆယ်နှင့် ဖုန်းတစ်ချို့ ယူဆောင်သွားကြောင်း ဖုန်းဆိုင်ပိုင်ရှင် ထံမှသိရသည်။

မြိတ်မြို့၊ တလိုင်းစုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ လူကြီးမင်း ဖုန်းအရောင်းဆိုင်အား စက်တင်ဘာ ၇ ရက်နေ့ နံက် ၃ နာရီခွဲခန့်က ဖောက်ထွင်း ဝင်ရောက်ခဲ့ပြီး ငွေသား ကျပ် သိန်းခြောက်ဆယ်ကျော်နှင့် ဖုန်းဆယ်လုံးခန့်ကို ဖောက်ထွင်းသူက ယူဆောင်သွားခဲ့ကြောင်း ဆိုင်ပိုင်ရှင် ကိုစိုးမင်း ကပြောသည်။

“လာဖောက်တဲ့သူက တစ်ယောက်တည်းပဲ အသက် ၂၀ ကျော်လောက်လို့ စီစီတီဗွီမှာတွေ့ရတယ်”ဟု ၎င်းကပြောသည်။
ဖောက်ထွင်းသူသည် ဖောက်ထွင်းမှုပြုရာ၌ သံချည်သံကွေး အလုပ်သမားများသုံးသည့် ငယ်နိုင် ခေါ် ကိရိယာအားအသုံးပြုခဲ့သည်ကို စီစီတီဗွီ မှတ်တမ်းများအရသိရကြောင်း ဆိုင်ပိုင်ရှင်ကပြောပြသည်။

“စုစုပေါင်းအားလုံး သိန်းတစ်ရာလောက် ပါသွားတယ်”ဟု ၎င်းကပြောသည်။

ဖောက်ထွင်းခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုသာ အကြောင်းကြားထားပြီး ရဲစခန်းတွင်မူ အမှုဖွင့်တိုင်ကြားခြင်း မရှိသေးဟု ကိုစိုးမင်း ကပြောပြသည်။

မြိတ်မြို့တွင် ယခုလအတွင်း နေ့ခင်းကြောင်တောင် လုယက်မှု၊ လိမ်လည်မှု၊ ခိုးမှုများ ခပ်စိတ်စိတ်ဖြစ်ပွား လျက်ရှိသည်။