ထားဝယ်မြို့ပေါ်တွင် ယမန်နေ့က သေနတ်ပစ်

0
248

ထားဝယ်မြို့၊ ကမ်းနားလမ်းတွင် ယမန်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ လူငယ်များက သေနတ်ခြောက်ပစ်ခဲ့ပြီးနောက် မိနစ်ပိုင်းအကြာတွင် စစ်တပ်က VIGO ကားဖြင့် ရောက်ချလာသည်ဟု ဒေသခံအချို့က ပြောသည်။

စစ်တပ် ၎င်းတို့ကို ရှာမတွေ့သဖြင့် ထားဝယ်မြို့ ကမ်းနားလမ်းတွင် ကြောက်လန့်တကြား ထွက်ပြေးသူ ဆိုင်ကယ်စီးလူငယ်အချို့ကို လိုက်လံပစ်ခတ်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

“ကျွန်တော် အနားထိုင်နေတဲ့ လူနှစ်ယောက်လည်း ကြောက်လန့်တကြားနဲ့ ဆိုင်ကယ်စီးပြေးတာ။ အဲဒါကိုလိုက်ပစ်တာ၊ ဆယ်ချက်ကျော်တယ်”ဟု မျက်မြင်တွေ့သူ လူငယ် အမျိုးသားတစ်ဦးက ပြောသည်။

စက်တင်ဘာ ၇ ရက်က အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နိုင်ငံတော်ကို အရေးပေါ်ကြေညာပြီးနောက် နေ့လယ်ပိုင်းတွင် ထားဝယ်မြို့ ဥတ္တံတားကြီးလမ်းဆုံနှင့် မြဝတီဘဏ်အနီးတွင် PDF လူငယ်အချို့က သေနတ် ငါးချက်ခန့် ပစ်ဖောက်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

အဆိုပါ ညနေပိုင်းတွင် ထားဝယ်ညဈေး၊ တရုတ်ဘုံကျောင်းအနီးတွင် လူသုံးဦး အဖမ်းခံရကြောင်း သတင်းများထွက်ပေါ်လျှက်ရှိပြီး သီးခြားအတည်မပြုနိုင်သေးပေ။