လောင်းလုံး ကဒက်ငယ်ထိန်တွင် အမျိုးသားတစ်ဦး အသတ်ခံရ

0
318
Dawei Watch, Dawei News, Dawei News Media

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာနေ အမျိုးသားတစ်ဦး စက်တင်ဘာလ ၇ ရက်က အသတ်ခံခဲ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အသတ်ခံရသူမှာ အသက် ၅၀ ကျော်အရွယ် ဦးအေးမြင့်ဆိုသူဖြစ်သည်။ ညနေဘက် နေအိမ်တွင်ရှိနေစဉ် လက်လုပ်တူးမီးသေနတ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

“တူမီးနဲ့လာပစ်သွားတာပါ။ လည်ပင်ထဲကို ကျည်အငယ်လေးခြောက်လုံးဝင်သွားတာ” ဟု အလောင်းကို မျက်မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက အတည်ပြုသည်။

အွန်လိုင်းပေါ်တွင်မူ ဒလန်ဦးအေးမြင့် ဂစ်အိုးပေါက်ကွဲသဖြင့် သေဆုံးကြောင်း ရေးသားနေကြသည်။

ဒေသခံအချို့၏ ပြောဆိုချက်အရမူ လက်ရှိရေဖြူကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူနှင့် သေဆုံးသူတို့မှာ ရင်းနှီးသည့် ဆက်ဆံရေးရှိသည်ဟုဆိုသည်။

မည်သူတို့က မည်သည့်အကြောင်းကြောင့် လာရောက်ပစ်ခတ်သည်ဆိုသည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

သေဆုံးသူ ဦးအေးမြင့်တွင် ဇနီးနှင့် သားနှစ်ဦး၊ သမီးတစ်ဦးရှိပြီး အကြီးဆုံးသားနှင့် သမီးမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။