မွန်တွင် စားသောက်ကုန် ဝယ်ယူမှု မြင့်တက်

0
250

မွန်ပြည်နယ်အတွင်း၌လည်း အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် ဆီအစရှိသည့် စားသောက်ကုန်များ စက်တင်ဘာ ၇ ရက်နေ့တွင် ဝယ်ယူမှု သိသိသာသာ မြင့်တက်နေသည်ဟု ဈေးရောင်သူတို့ထံမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်နေ့တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးနောက် စိုးရိမ်မှုများဖြင့် ပြည်သူလူထုတို့က အခြေခံစားသောက်ကုန်များကို ပုံမှန်ထက် ပိုမိုဝယ်ယူလာကြသည်။

“ခါတိုင်းနေ့တွေထက် ဒီနေ့ကတော့ ပိုရောင်းကောင်းနေတယ်၊ နိုင်ငံရေးအခြေအနေကြောင့်လား၊  ဘာလား တော့မသိဘူး၊ ဒါပေမယ့် အာဏာစသိမ်းတုန်းကလို လူတွေ ကြိတ်ကြိတ်တိုး လုဝယ်နေကြတာတော့ မဟုတ်ဘူး” ဟု စားသောက်ကုန်ရောင်းဝယ်နေသူတစ်ဦးက ပြောသည်။

အခြေခံစားသောက်ကုန်များ အဝယ်များလာသည့်အတွက် စားသောက်ကုန်များကို ပုံမှန်ဈေးဖြင့် ဆက်လက်ရောင်းချနေသူများရှိသလို တချို့ကလည်း ဈေးနှုန်တင် ရောင်းချလာနေသည်လည်းရှိနေသည်။

“ဆန်ကတော့ မရှိမဖြစ်ဆိုတော့ ဝယ်ထားတယ် ဈေးထပ်တက်မှာကြောက်လို့ပါ တခြားတော့မဟုတ်ဘူး၊ ဈေးကတော့ ထပ်တက်ဦးမှာပဲ။

ဒီထက် ဆက်တက်လာရင်တော့ ငတ်ဖို့ပဲ ရှိတော့တယ်” ဟု မော်လမြိုင်မြို့မှ အိမ်ရှင်မတစ်ဦးဖြစ်သည့် ဒေါ်သက်က ပြောသည်။

လက်ရှိတွင် အခြေခံစားသောက်ကုန်များအပြင် ဆေးဝါးဝယ်ယူမှုလည်း ပိုများလာသည်ဟု ဆေးဆိုင်အချို့တို့ထံမှ သိရသည်။

စစ်တပ်အာဏာစသိမ်းလိုက်သည့်ရက်ပိုင်းကလည်း စိုးရိမ်မှုများဖြင့် ပြည်သူလူထုတို့က အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် ဆီတို့ကို အလုအယက်ဝယ်ယူကြခဲ့သည်။

ယင်းကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်လာခဲ့သည်။