ထားဝယ်တွင် စားသောက်ကုန်ဈေး ပိုတက်

0
261

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စက်တင်ဘာ ၇ ရက် မနက်ပိုင်းက နိုင်ငံတော်ကိုအရေးပေါ်ကြေညာပြီး တော်လှန်ရန် လှုံ့ဆော်လိုက်ပြီးနောက် ထားဝယ်တွင် စားသောက်ကုန်ဈေးနှုန်းများ ပိုတက်လာကြောင်း ဒေသခံအချို့နှင့် ကုန်စုံဆိုင်ရောင်းချသူအချို့ထံမှ စုံစမ်း သိရှိရသည်။

ထိုင်းဘတ်ငွေဈေး၊ ရွှေဈေး၊ ဒေါ်လာဈေးများတက်လာသဖြင့် ပြီးခဲ့သည့် နှစ်ပတ်ကတည်းက စားသောက်ကုန်ပစ္စည်းများ ဈေးတရိပ်ရိပ်တက်ရာမှ ယနေ့နံနက်ပိုင်းမှစတင်ကာ ကုန်ဈေးနှုန်းများ ပိုတက်လာကြောင်း ကုန်ပစ္စည်းရောင်းချသူအချို့နှင့် ထားဝယ်ဒေသခံအချို့က ပြောသည်။

စားသောက်ကုန်များတွင် ပြည်တွင်းထွက်သည့် ငရုတ်၊ ကြက်သွန်ဈေးများ မတက်သော်လည်း ထိုင်းဘက်ကတင်သွင်းသည့်ပစ္စည်းများအားလုံး ပစ္စည်းတန်ဖိုး အနည်းအများအလိုက် အမယ်တစ်မျိုးလျှင် ငွေတစ်ရာကျပ်မှ ခြောက်ထောင်၊ ခုနှစ်ထောင်ဂဏန်းထိ ဈေးတက်သည်ဟု ထားဝယ်မြို့၊ ကမ်းနားဈေးရှိ ကုန်မျိုးစုံအရောင်းဆိုင်မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကုန်ပစ္စည်းဈေးတာက ငွေဈေးကြောင့်တက်တာ။ ကျန်တဲ့ဟာတွေတော့ ပုံမှန်ပဲ၊ ယိုးဒယားပစ္စည်းလောက်ပဲ ဈေးတက်တယ်” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

ယခင်ရက်ပိုင်းက ထိုင်းဘတ်ငွေ ၁၀၀ လျှင် မြန်မာငွေ ၅၁၀၀ ကျပ်ရှိခဲ့သည်။ ထိုနောက် ဘတ်ဈေးမှာ တဖြည်းဖြည်းတက်လာပြီး ယနေ့တွင် ထိုင်းဘတ် ၁၀၀ လျှင် မြန်မာငွေ ၅၆၀၀ ကျပ်နီးပါးအထိ ပေါက်ဈေးရှိလာသဖြင့် ထိုင်းပစ္စည်းများ ဈေးတက်လာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ဈေးတက်ခြင်းမှာ ယနေ့နံနက် ကြေညာချက်နှင့် မဆိုင်ဟု မှတ်ချက်ပေးသူများလည်း ရှိသည်။

စားသောက်ကုန်ဈေးနှုန်းတက်လာခြင်းမှာ ငွေကြေးဖောင်းပွမှုကြောင့်သာဖြစ်ကြောင်း ထားဝယ်မြို့၊ ကမ်းနားလမ်းမှ ကုန်စုံဆိုင်ပိုင်ရှင် ကိုကျော်က ပြောသည်။

“အရေးပေါ်ကြေညာလိုက်တာနဲ့တော့ မဆိုင်ဘူး၊ ခုနက ငွေကြေးဖောင်းပွမှုတွေဖြစ်လာတယ်၊ ဆီတွေဘာတွေဆိုလည်း ဒေါ်လာဈေးနဲ့ဝယ်ရတယ်မလား၊ ကုန်ကြမ်းက မြန်မာပြည်ကမထွက်တာမှန်ရင် အကုန်လုံးက ဈေးတက်တာကြီးပဲ၊ နိုင်ငံခြားကဝယ်ယူရတဲ့ ပစ္စည်းဆိုရင်” ဟု ကိုကျော်က ဆိုသည်။

ယနေ့တွင် ထားဝယ်မြို့ရှိ ကုန်စုံဆိုင်များတွင် ဝယ်ယူသူများ ကြိတ်ကြိတ်တိုး စည်ကားနေပြီး သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူစသည့် မြို့နယ်များမှ ကုန်ပစ္စည်းတင်ကားများစွာကိုလည်း ယခင်ထက်ပို တွေ့ရသည်။

နိုင်ငံခြားပစ္စည်းအပြင် ဈေးကွက်အတွင်း ပြည်တွင်းထုတ်ကုန်အချို့လည်း ဈေးတက်လျှက်ရှိပြီး ဆန်ဈေးများလည်း တစ်အိတ်လျှင် ထောင်ဂဏန်းအထိ ဈေးတက်နေသည်ဟု သိရသည်။

ဇူလိုင်လ ပထမပတ်က ၁၀ ပိသာခွဲပါသည့် စားသုံးဆီတစ်ပုံးလျှင် ငွေကျပ် ၃၅၀၀၀ သာရှိသော်လည်း ယခုအခါ ၄၃၀၀၀ ကျပ်ခန့်အထိဖြစ်လာသည်။ အခြား ဆန်နှင့် စားသောက်ကုန်များမှာလည်း ပစ္စည်းအမျိုးအစားအလိုက် ငွေကျပ် ၁၀၀ မှ ၇၀၀၀ ကျပ်အထိဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

စက်တင်ဘာလ ၇ နေ့အထိ အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၈ သိန်းကျော် အထိ စံချိန်တင်မြင့်တက်နေပြီး ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် ၁၉၀၀ ကျပ်နီးပါးအထိဖြစ်နေသည်ဟု ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည်။