မွန်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

0
315
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ် ပေါင်မြို့နယ် သဲအိမ်ကျေးရွာနေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက  တပ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

စက်တင်ဘာ ၁ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က သဲအိမ်ကျေးရွာနေ လင်မယားနှစ်ယောက်ဖြစ်သည့် နော်အိသွယ်မိုးနှင့် မင်းနေလွင်တို့ကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ငါးသွားရှာသည့် ခင်ပွန်းဖြစ်သူ မင်းနေလွင် ပြန်အလာတွင် နော်အိသွယ်မိုးက နေအိမ်ရှေ့ ထွက်စောင့်နေရင်း ပစ်ခတ်ခြင်းခံရသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံရမှုကြောင့် ကိုယ်ဝန်လွယ်ထားရသည့် နော်အိသွယ်မိုးသည် နေရာတွင် သေဆုံးသွားပြီး ခင်ပွန်းဖြစ်သူ မင်းနေလွင်က ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသခံနေရသည်။

“အမျိုးသမီးကတော့ ကိုယ်ဝန်နဲ့ အပစ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်၊ ယောကျာ်ဖြစ်သူကတော့ ဒဏ်ရာရတယ် ဆေးရုံမှာ ဆေးကုနေရတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ကိုယ်ဝန်သည် နော်အိသွယ်မိုးနှင့် ဒဏ်ရာရရှိထားသည့် မင်းနေလွင်တို့တွင် ၄ နှစ်အရွယ် ကလေးတစ်ဦးလည်း ရှိနေသည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း၌ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူတို့အား ပစ်ခတ်မှုများရှိနေသည်အပြင် ယခုကဲ့သို့ ညပိုင်းတွင်သွားလာနေသည့် ပြည်သူတို့အား ပစ်သတ်မှုများလည်း ရှိလာခဲ့သည်။