ထားဝယ်တွင် ဧည့်စာရင်း ဆက်တိုက်စစ်

0
234
ဓာတ်ပုံ- ထားဝယ်မြို့အဝင် တစ်နေရာ

ထားဝယ်တွင် အရပ်ဝတ်နှင့် ရဲတပ်ဖွဲ့ဝင်များက ရပ်ကွက်များအတွင်း ဧည့်စာရင်း ဆက်တိုက်စစ်ဆေးနေကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။

ရဲတပ်ဖွဲ့ဝင် ဆယ်ဦးကျော်ခန့်ပါဝင်သည့် အဖွဲ့သည် စက်တင်ဘာ ၁ ရက်နေ့က ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်တွင် လိုက်လံစစ်ဆေးခဲ့ပြီး ယနေ့ စက်တင်ဘာ ၂ ရက်နေ့တွင် ဘုမ္မော်ရပ်ကွက်တွင် လိုက်လံစစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ဧည့်စာရင်းလိုက်လံစစ်နေသည့် အဖွဲ့တွင် လက်နက်အင်အားအပြည့်အစုံ၊ ရဲဝတ်စုံဝတ်ထားသူများပါသလို အချို့မှာ အရပ်ဝတ်များ ဝတ်ဆင်ထားသည်ဟု ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်တွင်နေထိုင်သူ အသက် ၁၉ နှစ်ခန့်ရှိ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

“တစ်အိမ်တက် တစ်အိမ်ဆင်း စစ်တယ်။ ပြီးရင် ဘီဒိုတွေဘာတွေကို သူတို့ကိုယ်တိုင် ဖွင့်ပြီးစစ်တယ်၊ ပြီးရင် အိမ်ထောင်စုစာရင်းတောင်းတယ်၊ အိမ်ထောင်စုစာရင်းထဲကလူတွေကို မေးတယ် ဒီလူရှိလား၊ ပြီးရင် ဒီလူတွေ ဘာအလုပ်အကိုင်လုပ်လဲဆိုမေးတယ်၊ အလုပ်သွားတယ်ဆိုပြောရင်လည်း ဘယ်အလုပ်မှာ လုပ်လဲ၊ ဘယ်နားမှာလုပ်လဲတွေမေးတယ်” ဟု လူငယ်အမျိုးသမီးက ဆိုသည်။

လူဆယ်သုံးဦးခန့်ပါသည့် ဧည့်စာရင်းစစ်အဖွဲ့သည် လူနှစ်ဦးကို ရှာဖွေသည်ဟု ဆိုပြီး အိမ်တွင် ဖွတ်ထားသည့် လူရှိလားဟု မေးမြန်းစစ်ဆေးကာ အိမ်တွင်းနေရာအနှံ့လိုက်လံရှာဖွေသည်ဟု သူမက ဆိုသည်။

ဘုမ္မော်ရပ်ကွက်တွင် တစ်အိမ်တက် တစ်အိမ်ဆင်း ရှာဖွေစစ်ဆေးမှုတွင် ဖမ်းဆီးခံရသူမရှိသော်လည်း စက်တင်ဘာ ၁ ရက်နေ့က ဆန်းချီရပ်ကွက်တွင် ရှာဖွေစစ်ဆေးစဉ် မူးယစ်ဆေးဝါးတွေ့ရှိသဖြင့် လူငယ်နှစ်ဦး အဖမ်းခံခဲ့ရသည်ဟု ဒေသခံအချို့ထံက သိရသည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု များပြားလာသဖြင့် ထားဝယ်မြို့နယ်ကို ဩဂုတ်လ ၂၁ ရက်က Stay at Home မြို့နယ်အဖြစ် သတ်မှတ်ခဲ့ပြီး အိမ်တစ်ဆောင်တွင် လူတစ်ဦးသာ အပြင်ထွက်ခွင့်ကတ်ပြားဖြင့် အိမ်အပြင်ထွက်ခွင့်ပြုထားသည်။

တပ်ဖွဲ့ဝင်များသည် အိမ်အပြင်ထွက်ခွင့် ကတ်ပြားကို ဈေးများ၊ မီးပွိုင့်နှင့် လမ်းဆုံ၊ လမ်းကြားများပါ မကျန် မြို့အတွင်း လှည့်လည်စစ်ဆေးနေပြီး စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ ရပ်ကွက်များအတွင်း ဧည့်စာရင်း စစ်နေခြင်းဖြစ်သည်။

ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်နှင့် ကပ်လျက် ကြက်စားပြင်ရပ်ကွက်တွင် ဩဂုတ်လ ၂၈ ရက်နေ့က နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းတန်နှင့် ဝန်ထမ်းအမျိုးသားတစ်ဦး အသတ်ခံရပြီးနောက် အမျိုးသား ငါးဦးကို ဖမ်းဝရမ်းကပ်ထားပြီး ရပ်ကွက်များအတွင်း ယင်းသို့ စစ်ဆေးမှုများပြုလုပ်လာသည်။

ယင်းအပြင် ထားဝယ်မြစ်အတွင်း လှုပ်ရှားမှုများလည်း ပိုမိုတိုးလာသည်။ ကြက်စားပြင် ရပ်ကွက်မှာ ထားဝယ်မြစ်ကမ်းတွင် တည်ရှိသည်။