ထားဝယ် ကနက်သီရိတွင် နှစ်ဦး အသတ်ခံရ

0
597
ကနက်သီရိကျေးရွာ

ထားဝယ်ဒေသ၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် ယမန်နေ့ညက လူနှစ်ဦး အသတ်ခံရကြောင်း ယင်းရွာသားအချို့ထံက သိရသည်။

ကနက်သီရိကျေးရွာတွင် ဩဂုတ်လ ၃၀ ရက်ညက လက်နက်ကိုင်ဆောင်ကာ ကင်းလှည့်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့အား အမည်မသိအဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့သဖြင့် အသက် ၃၀ ကျော် အမျိုးသားတစ်ဦးနှင့် အသက် ၄၀ ကျော်အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ယင်းကျေးရွာနေထိုင်သူတို့ထံမှ သိရသည်။

ယမန်နေ့ည ၁၀ နာရီ ၄၀ မိနစ်ခန့်က လက်လုပ်မိုင်းသံတစ်ခု ကြားရပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ကြားခဲ့ရသည်ဟု ကျေးရွာတွင်းနေထိုင်သူ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းသို့ ပစ်ခတ်မှုတွေဖြစ်ပွားပြီး ညနက်ပိုင်းတွင် စစ်တပ်မှ စစ်အား ၈ စီး ရောက်လာပြီး ကျေးရွာတွင် တပ်စွဲထားလိုက်သည်ဟု ၎င်းက ပြောသည်။

ယင်းနောက် နံနက် ၄ နာရီခန့်မှစတင်ကာ ထားဝယ်မြို့သို့ သွားရောက်သည့် မော်တော်ယာဉ်များ၊
ကျေးရွာတွင် လာရောက်ကာ ဈေးရောင်းသူ ဝယ်သူ လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု အထက်ပါ လူငယ်အမျိုးသမီးက ပြောသည်။

တားဆီးစစ်ဆေးခံရသူများအနက် လူဆယ်ချီကို ဖမ်းဆီးထားပြီး အချို့ကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း အချို့မှာ ဖမ်းဆီးခံထားရသည်ဟု ယင်းရွာသားအချို့က ပြောသည်။

ကနက်သီရိကျေးရွာတွင် တပ်စွဲထားသည့် တပ်တစ်ဝက်ခန့်ပြန်သွားပြီဖြစ်သော်လည်း ကျန်တစ်ဝက်မှာ ကျေးရွာအတွင်း အရပ်ဝတ်များဖြင့် လှည့်လည်နေကြောင်း ရွာခံ အချို့ထံမှ သိရသည်။ ကနက်သီရိကျေးရွာသည် ထားဝယ်မြစ်ဝရှိ ကျေးရွာကြီး တစ်ရွာဖြစ်သည်။