KNU တပ်မဟာ (၄) နယ်မြေအတွင်း စစ်ကြောင်းထိုးမည့်သတင်းကြောင့် ရွာသားများ တိမ်းရှောင်

0
699
ကျေးဇူးတော်ကျေးရွာ

KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ကျေးဇူးတော်ကျေးရွာသို့ စစ်ကြောင်းထိုးမည့်သတင်းကြောင့် ရွာသားများ တိမ်ရှောင်နေရကြောင်း ယင်းကျေးရွာသားတစ်ဦးက ယနေ့ ဩဂုတ်လ ၂၆ ရက် ညနေ သုံးနာရီကျော်တွင် ပြောသည်။

ကျေးဇူးတော်ကျေးရွာသည် ထားဝယ်မြို့မှ ၃၃ မိုင်ခန့်ကွာဝေးပြီး ရေဖြူမြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများ နေထိုင်သည့်ကျေးရွာ တစ်ရွာဖြစ်သည်။ ထားဝယ်-ရေး ကားလမ်းမှ မိနစ်အနည်းငယ်ကြာ ခွဲဝင်ရသည်။

“ရွာသားတွေကတော့ သတင်းကြားထားလို့ ရှောင်နေကြတယ်။ အခုချိန်ထိတော့ ရွာထဲမှာ အေးဆေးပဲရှိသေးတယ်” ဟု ကျေးဇူးတော်ရွာသားတစ်ဦးက ညနေ သုံးနာရီကျော်တွင်ပြောသည်။

ဩဂုတ်လ ၂၃ ရက်ကတည်းက ကလိန်အောင်မြို့၊ ကျေးဇူးတော်ကျေးရွာ၊ နှမ်းကြဲကျေးရွာနှင့် အနီးနားကျေးရွာအချို့တွင် စစ်တပ်က နေရာယူထားပြီးနောက် KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအတွင်း စစ်ကြောင်းထိုးမည့်ဆိုသည့် သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

ဩဂုတ်လ ၂၄ ရက်မနက်ပိုင်းတွင် စစ်တပ်ဘက်က အင်းအားတိုးမြှင့်ခဲ့ပြီး ကလိန်အောင်မြို့ပေါ်တွင်လည်း ရဟတ်ယာဉ်တစ်စီး၊ ဂျက်လေယာဉ်တစ်စီး အနိမ့်ပျံသန်းနေသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။