မြိတ်တွင်ကိုဗစ်ကြောင့် သေဆုံးသူတိုးလာဟုဆို

0
480
Myeik Covid-19

မြိတ်မြို့တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူတိုးလာကြောင်း ပရဟိတအဖွဲ့များနှင့် မြိတ်ခရိုင်လူနာတင်ယာဉ်များအသင်းချုပ် ထံမှသိရသည်။

 ပြီးခဲ့သည့် ဇူလိုင်လထက် ယခုသြဂုတ်လအတွင်း သေဆုံးသူ နှစ်ဆတိုးလာပြီး ရပ်ကွက်များတွင်လည်း ကိုဗစ်ဖြင့် သေဆုံးသူ များရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

ဇူလိုင်လအတွင်းက နေ့စဉ်ကိုဗစ်ကြောင့်သေဆုံးသူ နှစ်ဦးမှသုံးဦးခန့်သာရှိပြီး ယခုသြဂုတ်လတွင် တစ်မြို့လုံးအတိုင်းအတာအရ  ဆယ်ဂဏန်းအထိ သေဆုံးမှုများဖြစ်ပေါ်နေသည်ဟု မြိတ်ခရိုင်လူနာတင်ယာဉ်များအသင်း ဉက္ကဋ္ဌ ဉီးဇော်မျိုးဦး ကပြောသည်။

“ဆေးရုံမှာ သေဆုံးနေတဲ့ လူဦးရေထက်ဝက်လောက်က ရပ်ကွက်ထဲမှာလည်း သေဆုံးနေတယ်။ ရပ်ကွက်ထဲမှာ သေဆုံးတဲ့လူနာတွေ ဆေးစစ်လိုက်မှကိုဗစ်ဖြစ်နေတာလည်း တွေ့လာရတယ်။ သေတဲ့နှုန်းက အရင်လထက်တိုးလာတယ်”ဟု ၎င်းကပြောသည်။

ရပ်ကွက်အတွင်း သေဆုံးသူအများစုသည် ရုတ်တရက် အောက်စီဂျင်ကျသည့်အတွက် သေဆုံးရခြင်းဖြစ်ပြီး အောက်စီဂျင်အလုံအလောက်ရရှိရေးအတွက်လည်း ပရဟိတအဖွဲ့များမှ လုပ်ဆောင်ပေးနေသည်ဟု ၎င်းကဆိုသည်။

မြိတ်မြို့တွင် အောက်စီဂျင်ထုတ်လုပ်သည့် စက်ရုံတစ်ရုံရှိပြီး လက်ရှိတွင် လေးဆယ်လီတာဆန့် အောက်စီဂျင်အိုး နေ့စဉ် အိုးပေါင်းတစ်ရာကျော်ခန့် ထုတ်လုပ်ပေးနေသလို မြိတ်အများပိုင်ကုမ္ပဏီအပါအဝင် ပရဟိတအဖွဲ့များမှလည်း အောက်စီဂျင်နှင့်ပတ်သက်၍ အခမဲ့ပေးလှူနေကြောင်း သိရသည်။

“အောက်စီဂျင်ကတော့ လုံလောက်မှုရှိပါတယ် နောက်ထပ်လည်း စက်ရုံနှစ်ရုံတည်ဆောက်နေပါတယ်”ဟု ဦးဇော်မျိုးဦး ကပြောပြသည်။

မြိတ်ခရိုင်ပြည့်သူ့ဆေးရုံကြီးဝင်းအတွင်း စက်ရုံတစ်ခုမှာ ပြီးစီးနေပြီဖြစ်ပြီး ယနေ့တွင် အောက်စီထုတ်လုပ်သည့်စက်များ ရောက်ရှိလာပြီဖြစ်သည်။

အလားတူ ဘုတ်ချောင်းကျေးရွာတွင်လည်း မြိတ်ပြည်သူများ၏ ထည့်ဝင်ငွေဖြင့် စက်ရုံတစ်ခုတည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဝန်ကြီးဌာန၏ သြဂုတ်လ ၂၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြိတ်မြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၁၈၃၂ ဦးနှင့် သေဆုံးသုစုစုပေါင်း ၁၄၃ ဦး၊ကျွန်းစုမြို့နယ်တွင် ပိုးတွေ့လူနာ ၇၈၀ ဦးနှင့် သေဆုံးသူ ၆ ဦး၊ တနင်္သာရီတွင် ပိုးတွေ့လူနာ ၇၆၁ ဦးနှင့် သေဆုံးသူ ၅ ဦးရှိနေပြီး ပုလောမြို့နယ်တွင် ပိုးတွေ့လူနာ ၃၀၉ ဉီးနှင့် သေဆုံးသူ ၂၅ ဦးရှိကာ မြိတ်ခရိုင်အတွင်း ပုလောမြို့နယ်သည်သေဆုံးမှု ဒုတိယလိုက်နေသည်။

ကျန်းမာရေးဝန်ကြီးဌာနက သေဆုံးမှုတစ်ရာကျော်ထုတ်ပြန်ထားသော်လည်း ပရဟိတအဖွဲ့များကမူ သေဆုံးသူစုစုပေါင်း နှစ်ရာခန့်ရှိနေပြီဟု ခန့်မှန်းကြသည်။

မြိတ်ခရိုင်လူနာတင်ယာဉ်များအသင်းချုပ်တွင် အရေးပေါ်လူနာတင်ယာဉ်အသင်းပေါင်း ငါးဆယ်ကျော်ဖြင့် ဖွဲ့စည်းထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ဓါတ်ပုံ- ဂရုဏာနာရေးကူညီမှုအသင်း