Stay at Home နှင့် အလွဲများ

0
574

ထားဝယ်နှင့် မြိတ်မြို့နယ်အား ဩဂုတ်လ ၂၃ ရက်မှစပြီး Stay at Home နေအိမ်တွင်သာ နေထိုင်ရန်မြို့နယ်များဖြစ် သတ်မှတ်ကြေညာခဲ့သည်။

သို့သော် မြေပြင်တွင်မူ ဩဂုတ်လ ၂၁ ရက်မှစပြီး အပြင်ထွက်သူများအား ကြပ်မတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့တွင်လည်း ဩဂုတ်လ ၂၁ ရက်မှစပြီး ကြပ်မတ်စစ်ဆေးခဲ့သည်။ သို့သော် ကော့သောင်းမြို့နယ်မှာ Stay at Home သတ်မှတ်သည့် မြို့နယ်စာရင်းတွင်မပါပေ။

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့်တက်လာသည့်အတွက်ကြောင့် Stay at Home သတ်မှတ်သည်ဟုဆိုသော်လည်း အပြင်ထွက်ခွင့်ကတ်ပြားထုတ်ပေးသည့်အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအချို့တွင် ရာနှင့်ချီသည့် လူစု၊ လူဝေး ဖြစ်ပေါ်ခဲ့သည်။

အပြင်ထွက်ခွင့် ကတ်ပြားအား အိမ်ထောင်စု တစ်စုလျှင် တစ်ဦးသာထုတ်ပေးသည်ဟုဆိုသည်။ ယင်းသို့ ထုတ်ပေးရာတွင်လည်း အိမ်ထောင်စု စာရင်းပြနိုင်သူများကိုသာ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

အိမ်ထောင်စု စာရင်းမပြနိုင်သူများမှာ အပြင်ထွက်ခွင့် ကတ်ပြားရရှိရေး ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသူများရှိသည့်အပြင် ကတ်ပြားမရသူအချို့လည်းရှိသည်။

ယင်းအခြေအနေတွင် အပြင်ထွက်ခွင့် ကတ်ပြားမှာ ရောင်းကုန်ပစ္စည်းတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။

စုံစမ်းမေးမြန်းချက်အရ ထားဝယ်မြို့တွင် အပြင်ထွက်ခွင့်ကတ်ပြားတစ်ခုကို ကျပ် ၆၀၀၀၊ ၅၀၀၀၊ ၂၅၀၀ စသည်ဖြင့် ဈေးအမျိုးမျိုး ရှိကြောင်း သိရသည်။

ယင်းနည်းတူ Stay Home သတ်မှတ်ထားခြင်းမရှိသည့် ကော့သောင်းမြို့တွင်လည်း အပြင်ထွက်ခွင့်ကတ်ပြားအတွက် ငွေပေးဝယ်ရသူများရှိသူဟု မြို့ခံလူငယ်တစ်ဦးက ပြောသည်။ ကော့သောင်းမြို့ အခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

အိမ်တိုင်း အပြင်ထွက်ခွင့်ကတ်ပြားမရသည့်အချိန်တွင် အတု၊ အစစ် ခွဲခြားရခက်သည့် သံသယဖြစ်ဖွယ် ကတ်ပြားများလည်း ပေါ်ထွက်လာခဲ့သည်။

Dawei Watch အနေဖြင့် ကတ်ပြားအတုဟု ယူဆရသည့် ကတ်ပြားတစ်ပြားကို တွေ့ရှိခဲ့သည်။

ယေဘုယျအားဖြင့် ရုံးတံဆိပ်တုံးထုထားသည့် ကတ်ပြား၏ ကျောဘက်ခြမ်းတွင် မှင်ရည်စိုနေရမည်ဖြစ်သော်လည်း ယင်းကတ်ပြားတွင် မှင်ရည်စိုမနေပေ။ ကာလာမိတ္တူစက်ဖြင့် ကူးယူထားသည်ဟု ယူဆရပေသည်။ ယင်းအပြင် ကတ်ပြားထဲတွင် ရေးမှတ်ရမည့် အချက်အလက်များကို ရေးသားထားခြင်းမရှိသည့် အလွတ်ကတ်ပြားတစ်ချပ်ဖြစ်သည်။

ကိုဗစ်ရောဂါအား ထိန်းချုပ်နိုင်ရန် Stay Home ကြေညာပြီး လုပ်ဆောင်သည်ဟုဆိုသော်လည်း ကိုဗစ်ကို အကြောင်းပြပြီး အောက်ခြေအုပ်ချုပ်ရေးစနစ်အား အသက်သွင်းရန် ကြိုးပမ်းခြင်း၊ ထားဝယ်ခရိုင်အတွင်း ယနေ့ အထိ ရှိနေဆဲဖြစ်သော စစ်အာဏာရှင် ဆန္ဒပြပွဲများ အားလျော့သွားစေရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ရှုမြင်ကြသူအချို့လည်းရှိသည်။