ကပ်ဘေးကြားမှ ကျောတစ်ခင်းစာ

ကပ်ဘေးကြားက ကျောတခင်းစာ
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အသက် ၃၄ နှစ်အရွယ်ရှိ မဖြူ တစ်ယောက် လကုန်မည့်ရက်ကို တွေးရင်း သောကတွေ ရတက်‌ပွေနေသည်။


လကုန်သည့်အချိန် ပုံမှန်အိမ်လခမပေးနိုင်၊ နောက်ကျမှသာ ပေးချေနိုင်သည်မှာ ယခုဆိုလျင် ခြောက်လခန့်ရှိနေပြီဖြစ်သည်။


ဖြစ်နိုင်လျှင် လကုန်သည်နှင့် “ရော့—-အင်း”ဟုဆိုကာ အိမ်လခလေးကို ပေးလိုက်ချင်သည်။ သို့သော် မဖြူ (အမည်လွှဲ) မတတ်နိုင်။


“အိမ်ကယောင်္ကျားက လကုန်ုပြီး တစ်ပတ် ဆယ်ရက်လောက်ကြာမှ အိမ်လခကိုလာပေးတတ်တယ်။ လာမပေးခင်စပ်ကြား အိမ်ရှင်အဖွားကြီးက နေ့တိုင်းတောင်းတယ်။ အဆင်မပြေသေးဘူး ခဏလေးစောင့်ပေးပါဦး ဆိုပြီး တောင်းပန်တာလည်းမရဘူး”ဟု မဖြူ ကပြောသည်။


အသက် ၅၀ ကျော်ရှိနေပြီဖြစ်သည့် မဖြူ ယောက်ျား ဦးကျော်(အမည်လွှဲ) သည် ငါးဖမ်းလှေ လုပ်ကိုင်သူဖြစ်ပြီး ယခင်ကအဆင်ပြေခဲ့သော်လည်း ကိုဗစ်စဖြစ်ပြီးနောက် အလုပ်အကိုင်အဆင်ပြေခြင်းမရှိတော့‌ပေ။


သည်တော့ အိမ်ငှားခလစာ လာပေးသည့်အချိန်လည်း မမှန်တော့။


“အိမ်လခက တစ်လငါးသောင်း၊ မီးဖိုးကတစ်သောင်း အားလုံးခြောက်သောင်းပေါ့။ အဲဒါပိုက်ဆံ လေးသောင်းခွဲပဲ လောလောဆယ် ရှိသေးလို့ ယူထားပါပြောတာ ညဖက်ကျတော့ မီးဖြတ်ပစ်လိုက်တယ်”ဟု မဖြူကဝမ်းနည်းစွာဆိုသည်။


မဖြူလက်ရှိနေထိုင်နေသည်က မြိတ်မြို့၊ မြို့သစ်ရပ်ကွက်ရှိ ပျဉ်ထောင်ပျဉ်ခင်း တစ်ထပ်အိမ်လေးနံဘေးတွင် တွဲထားသည့် အဖီလေးတွင် ဖြစ်သည်။


မဖြူနှင့်အတူ အသက် ၇၀ နီးပါးအမေအို၊ ၇ နှစ်အရွယ် သားလေးတစ်ယောက်နှင့်အတူ နေထိုင်နေခြင်းဖြစ်သည်။


“ကျွန်မ အိမ်ငှားနေလာတာ ဒီလိုမျိုးမကြုံဖူးဘူး အိမ်ရှင်အများစုက ကိုယ်ချင်းစာပြီးနားလည်ပေးကြတယ်။ တချို့ဆို သုံးလလောက်အထိ မပေးနိုင်တာတောင် တောင်းပန်ထားလို့ရတယ် ပိုက်ဆံပြေလည်ရင်လည်း အကုန်ပြန်ဆပ်တယ်” ဟု မဖြူ ကပြောသည်။


မဖြူယောက်ျားက အလုပ်အကိုင်အဆင်မပြေသည့်အတွက် နေ့စဉ်စားသောက်စရိတ်ပေးရန် လွန်ခဲ့သည့် ၂ နှစ်လောက်ကတည်းက နပ်မမှန်တော့။


ထို့ကြောင့် မဖြူအနေဖြင့် နေ့စဉ်စားဝတ်နေရေးအတွက် ဝင်ငွေရရန် နှစ်လုံးထီနေ့စားအဖြစ် ရောင်းခဲ့ရသည်။


သို့သော် တရားမဝင်လုပ်ငန်းဖြစ်သည့်အတွက် ရေရှည်တွင် အဆင်မပြေ။


နောက်အလုပ်တစ်ခု ထပ်ရှာရပြန်သည်။


“ဒီအလုပ်မရှိရင် နောက်ဘာလုပ်ရမလည်း အမြဲတမ်းစဉ်းစားနေရတယ်။ အခုတော့ အွန်လိုင်း Shop လေး ရောင်းနေတာပေါ့နော်”


အွန်လိုင်းမှ အလှကုန်အသုံးအဆောင်များရောင်းနေပြီး စားရေးသောက်ရေး အဆင်ပြေခဲ့သော်လည်း ကိုဗစ်တတိယလှိုင်းစဖြစ်လာချိန်တွင်တော့ အရင်လိုရောင်းမကောင်းတော့ဟု သူမကပြောပြသည်။


“တစ်နေ့တစ်နေ့ နှစ်ထောင်လေးမြတ်လိုက်၊ သုံးထောင်လေးမြတ်လိုက်နဲ့ အဲဒီဝင်ငွေနဲ့ပဲ မနည်းကိုခြိုးခြံချွေတာပြီး စားနေရတယ်။ မသေရုံတမယ်ပဲ”ဟု မဖြူက လက်ရှိအခြေအနေကို ညည်းဆိုသည်။


အိမ်ရှင်က မီးဖြတ်လိုက်သည့်အတွက် ဖယောင်းတိုင်မီးဖြင့် လက်ရှိတွင်နေ၍ရသော်လည်း အွန်လိုင်းဈေးရောင်းဖို့ ဖုန်းအားသွင်းရန်မှာ လျှပ်စစ်မီးမရှိတော့။


ထိုကြောင့် အသိမိတ်ဆွေအိမ်များတွင် ဖုန်းဖြင့် ပါဝါဘဏ်အားလိုက်သွင်းနေရသည်မှာလည်း တစ်ဒုက္ခဟု သူမကဆိုသည်။


“ရောဂါတွေ ဒီလောက်ဖြစ်နေတာ ကိုယ်လည်းသူများအိမ်မသွားချင်သလို သူများကလည်း ကိုယ်လာတာကို ကြိုက်မှာမဟုတ်ဘူး။ ဒါပေမယ့် ဖုန်းနဲ့ပဲ့အလုပ်လုပ်ရတယ်ဆိုတော့ ဒီလိုပဲ ပြောဆိုပြီး လုပ်နေရတယ်”


အမှန်တော့ သည်ဒုက္ခတွေအားလုံးကို လွန်ခဲ့သည့် ရှစ်နှစ်လောက်ကတည်းက သူတစ်ပါးကို အလွယ်တကူ ယုံကြည်တတ်သည့် မိမိစိတ်ဖြင့် ဝယ်ယူမိခဲ့ခြင်းဖြစ်သည်။


မဖြူက မြိတ်ဇာတိမဟုတ်။ ရန်ကုန်သူတစ်ယောက်ဖြစ်သည်။


လွန်ခဲ့သော ရှစ်နှစ်ခန့်ကတည်းက မြိတ်မြို့တွင် အလုပ်အကိုင်ကောင်းသည်။


ဈေးရောင်းရန်ဟုဆိုကာ အလုပ်ရှင်က ခေါ်ယူခဲ့သည်။ သို့သော် ရောက်လာသည့်အချိန်တွင်မူ မူလသူသိထားသည့် ဈေးရောင်းအလုပ်မဟုတ်ဘဲ အဝေးပြေးကားဝင်းအတွင်း ဖွင့်ထားသည့် KTV တွင် လုပ်ခဲ့ရသည်။


“ရှင်းရှင်းပြောရင် ဒီအလုပ်ကို မလုပ်ချင်ဘူးပေါ့ ။ဒါပေမဲ့အလုပ်ကမရှိတော့ စားဝတ်နေရေးအတွက် လုပ်ခဲ့ရတာပဲ ဟိုဟိုဒီဒီမျိုးတော့ မရှိပါဘူး”


KTV တွင် သုံးလလောက် လုပ်ကိုင်ပြီးနောက် သူမလက်ရှိ ယောက်ျားဖြစ်သူ ဦးကျော်နှင့် တွေ့ဆုံခဲ့သည်။


ရေလုပ်ငန်းလုပ်ကိုင်သည့် ဦးကျော်သည် ထိုစဉ်က စီးပွားရေးအဆင်ပြေသူတစ်ဦးဖြစ်ပြီး ငွေကိုလည်းသုံးနိုင်ဖြုန်းနိုင်သူဖြစ်သည်။


ဦးကျော်ပြောစကားအရ သူ့တွင် တံငါလုပ်ငန်း၊ စားသောက်ဆိုင်နှင့် ရော်ဘာခြံများလည်းရှိကြောင်း ပြောဆိုကာ သူ့ကိုလက်ထပ်ရန် တောင်းဆိုခဲ့ကြောင်း မဖြူက အတိတ်ကို ပြန်လည်ပြောပြသည်။


“သူပြောတာကတော့ သူကလူပျိုတော့မဟုတ်ဘူး အိမ်ထောင်နဲ့ သားသမီး သုံးဦးရှိတယ်။ ဒါပေမယ့် ကွဲနေတာကြာပြီဆိုပြီး ကျွန်မကို လက်ထပ်ခွင့်တောင်းတာပေါ့”


သူမအနေဖြင့် နောက်ကြောင်းတစ်ကယ်ရှင်းမရှင်း မသိရသော တစ်မြို့တစ်ရွာသား ဦးကျော်အား သံယောဇဉ်ဖြစ်မိလာသည်ဟု စိတ်တွင်ထင်မှတ်လာသည့်အတွက် ထိုကျော့ကွင်းမှ ရုန်းထွက်ရန် ရန်ကုန်သို့ပြန်ပြေးခဲ့သည်။


သို့သော် သူမလွတ်မြောက်ခြင်းမရှိ။ လမ်းခုလတ်တွင်ပင် ဦးကျော်က လိုက်လာပြီး တောင်းပန်ခေါ်ယူသည့်အတွက် သူမ အယုံလွယ်ကာ ပြန်လိုက်လာခဲ့မိသည်။


ဦးကျော်က သူမအား အိမ်ခန်းတစ်ခုငှားပေးကာ အတူတူနေလာပြီးနောက် ကိုယ်ဝန် ခုနှစ်လရှိလာသည့်အချိန်တွင် ဦးကျော် မိန်းမဟုဆိုသော အမျိုးသမီးကြီးသည် သူမရှိရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာတော့ သည်။


ထိုနောက် လက်ညိုးငေါက်ငေါက်ထိုးကာ ပတ်ဝန်းကျင်အလယ် အရှက်ခွဲခြင်းကိုလည်း ခံခဲ့ရသည်ကို သူမတစ်သက်မမေ့။


စင်စစ်တော့ ဦးကျော်သည် မိန်းမနှင့်လည်းမကွဲသလို ကလေးကလည်း သူပြောသလို သုံးယောက်တည်းမဟုတ် ဒါဇင်ဝက်ကျော်ပင် ရှိနေသည်။


သည်အကြောင်းအဖြစ်မှန် သိရှိလိုက်ရသည့် သူမအဖို့ ယင်းအခိုက်အတန့်တွင် ငယ်ထိပ်တည့်တည့်ကို မိုးကြိုးပစ်ချလိုက်သည့်အလား ခံစားလိုက်ရသည်။


“အဲဒီချိန် စိတ်ထဲကအရမ်းနာကျဉ်းသလို အယုံလွယ်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုလည်း အရမ်းဒေါသထွက်ခဲ့တယ်”


ထိုအချိန်မှစ၍ သူမယောက်ျားနှင့် လွတ်မြောက်အောင် ကြိုးစားခဲ့သည်။သို့သော် ခရီးစရိတ် ငွေကြေးအခက်အခဲကြောင့် ကြိုးစားမှုအရာမထင်။


“ကလေးမွေးလာတော့ စိတ်တစ်ဝက်လျော့လိုက်တယ်။ ကလေးက သူ့အဖေကို သံယောဇဉ်တွယ်နေတာကိုလည်း အတင်းကြီး မခွဲချင်ဘူး။

ကလေးစိတ်ဒဏ်ရာရသွားမှာကိုလည်း ကျွန်မ မလိုလားဘူး”ဟု သူမက ပြောရင်း တွဲခိုလာသည့် မျက်ရည်တစ်ပေါက်ကို လက်ဖမိုးဖြင့် မသိမသာခိုးသုတ်ရင်း ဆိုသည်။


ကိုဗစ်ကပ်ဘေးကြောင့် မြိတ်မြို့တွင် အလုပ်အကိုင် ရှားပါးလာပြီး အောက်ခြေလက်လုပ်လက်စား လူတန်းစားအများစုမှာ မကြာမီ အငတ်ဘေး ရင်ဆိုင်လာရတော့မည်။


လက်ရှိအခြေအနေတွင်လည်း အလုပ်အကိုင်ရှားပါးမှုကြောင့် အောက်ခြေမိသားစု အချို့သည် ဝင်ငွေနည်းပါးလာသည့်အတွက် ဟင်းပင် ချက်မစားနိုင်တော့ဟု မြိတ်မြို့၊ အင်းလေးမြိုင်ရပ်ကွက်နေ၊ ဒေါ်ခင်ခင်မိုး ကပြောသည်။


“ထမင်းတစ်အိုးချက်တယ်။ ဟင်းမချက်နိုင်တဲ့နေ့ ငါးပိဖုတ်ဆီလေးဆမ်းပြီး ကလေးတွေကို ကျွေးရတဲ့ နေ့တွေရှိတယ်။ အဓိက က ဆန်ရှိနေရင်ရပြီ”ဟု သားသမီးငါးယောက်မိခင် ၎င်းက ပြောပြသည်။


လက်ရှိအခြေအနေက ကိုဗစ်ကပ် နှင့် နိုင်ငံရေးကပ်ဘေးတို့အကြား လတ်တလောအခြေအနေတွေကြောင့် အိမ်ငှားနေထိုင်သူများ မဆိုထားဘိ၊ အိမ်ပိုင်ရာပိုင်ဖြင့် နေထိုင်သူများပင် စားဝတ်နေရေး ကျပ်တည်းနေကြသည်။


သို့ကြောင့် အိမ်တွင်ရှိသည့် ရွှေတိုရွှေစနှင့် ပေါင်နှံရောင်းချနိုင်သည့် ပစ္စည်းများ ပေါင်နှံရောင်းချကာ စားဝတ်နေရေး ဖြေရှင်းနေရသည့်သူများလည်း ရှိနေသည်။


သြဂုတ်လပထမအပတ်က ချောင်းအတွင်း ကမ်းကပ်ရပ်နားထားတာ ကြာပြီဖြစ်သည့် ကမ်းနီးတံငါလှေပေါ်တွင် မိသားစုအလိုက် နေထိုင်လာကြသည့် ဖြစ်ရပ် အချို့ရှိလာသည်။


ယင်းဖြစ်ရပ်မျိုး ယခင်ကမမြင်ဖူးဟု ယင်းရပ်ကွက်နေသူ အချို့က ဆိုသည်။


ယင်းနည်းတူ အိမ်လခမပေးနိုင်သူ အချို့မှာ မိဘဆွေမျိုးများရှိရာ ရွာများသို့ပြောင်းရွှေ့ကြသည်။


အချို့ က ဆွေမျိုးမိတ်ဆွေများအိမ်တွင် ခေတ္တ သွားရောက်နေထိုင် ကြသည်။


အိမ်ငှားနေထိုင်သူတစ်ချို့ ရောဂါကပ်ဘေး ပြင်းထန်လာချိန်တွင် အိမ်လခကို လွယ်လွယ်ကူကူ မပေးနိုင်တော့ဟု အိမ်ခန်းအငှားချထားသူ မြိတ်မြို့၊ မြို့သစ်ရပ်နေ ဦးလှိုင်တင် ကပြောသည်။


“ဘယ်လိုဖြစ်လာလည်းဆိုတော့ သုံးသောင်းကို တစ်လအတွင်း သုံးခါပေးဖြစ်လာတယ်။ ဘယ်တတ်နိုင်မလဲ၊ အားလုံးက ကြပ်နေတဲ့ကာလဆိုတော့ နားလည်ပေးမှရမယ်ပေါ့”ဟု ၎င်းကဆိုသည်။


အိမ်ငှားလာသည့် ဆယ်စုနှစ်သက်တမ်းတစ်လျှောက် လုံးဝမပေးနိုင်ခြင်း၊ တိတ်တဆိတ် ထွက်သွားခြင်းလည်းမရှိကြဟု သူကြုံခဲ့ရသည် ပြောပြသည်။


ယခုလို ရောဂါဘေး စစ်ဘေးများဆိုက်ရောက်နေရသည့်အချိန်တွင် မဖြူအပါအဝင် အိမ်ငှားနေထိုင်သူအများစုမှာ အလုပ်အကိုင် အဆင်မပြေကြသည့်အတွက် အခက်အခဲကြုံနေရမည်က နေရာအနှံ့ဒုနှင့် ဒေးရှိနေလိမ့်မည်။


မဖြူက သက်ပြင်းလေးချပြီး သူ့ရင်ထဲက ဆန္ဒကိုဖွင့်ဟပြောဆိုသည်။


“တခြားအိမ်ငှားနေကြတဲ့သူတွေလည်း ကိုယ်လိုအခက်အခဲမျိုး မကြုံစေချင်ဘူး။ ဒီလိုကာလမျိုးမှာ လူတိုင်းက ပြေလည်နေတာမဟုတ်တော့ အိမ်ရှင်တွေအနေနဲ့ နည်းနည်း နားလည်ပေးစေချင်တယ်”

ကိုဆန်း/Dawei Watch