မွန်တွင် ကိုဗစ်ကူးစက် သေဆုံးမှု ကျဆင်း

0
203
မွန်နာရေးအသင်း

မွန်ပြည်နယ်တွင် သြဂုတ်လ ဒုတိယအပတ်မှစပြီး ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု လျော့နည်းကျဆင်းလာသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကိုဗစ်အရေးကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် အတည်ပြုလူနာ သေဆုံးမှုလည်း ဆက်တိုက်မြင့်တက်လာခဲ့သည်။

ဇူလိုင်လဆန်းပိုင်းမှ သြဂုတ်လဆန်းပိုင်းအထိ ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်လာခဲ့ပြီး တစ်ရက်လျှင် ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော်တွေ့ရှိလာသည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် ၅၀ ဦး အထက်အထိရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။

ကျန်းမာရေးဌာန၏ သြဂုတ်လ ၁၇ ရက်နေ့ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း၌ မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်လူနာအသစ် ၈၅ ဦးတွေ့ရှိပြီး သေဆုံးလူနာ ၁၉ ဦးရှိသည်။

“ကိုဗစ်ကူးစက်မှုအခြေအနေနဲ့ ကိုဗစ်လူနာသေဆုံးမှုအခြေအနေကတော့ သိသိသာသာကျလာတယ်၊ ကိုဗစ်ကုသစင်တာတွေမှာလည်း လူနာတွေ အတော်နည်းသွားပြီ သေဆုံးမှုလည်း အများကြီးကျလာတယ်” ဟု ကိုဗစ်အရေးကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Isolative Ward-3, Isolative Ward-1 နှင့် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင်တို့အပြင် မြို့နယ်အသီးသီးတို့တွင်လည်း ဆေးကုသပေးနေသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သြဂုတ်လ ၁၇ ရက်နေ့အထိစာရင်းများအရ မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်ခံရသူ တစ်သောင်းကျော်ရှိပြီး သေဆုံးလူနာ ၉၀၀ ကျော်ရှိသည်။