နေအိမ်ဗုံးပေါက်၍ တာဝန်မှ နှုတ်ထွက်ထားသည်ဆိုသည့် အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ပစ်ခံရ

0
324

နေအိမ်တွင် ဗုံးပေါက်ကွဲပြီးနောက် တာဝန်မှ နှုတ်ထွက်ထားသည်ဆိုသည့် ပုလောမြို့နယ် လက္ကူးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးသက်နိုင်သည် သြဂုတ်လ ၁၄ ရက်ညက သေနတ်ဖြင့် ပစ်ခံရကြောင်း ယင်းရွာနေ ဒေသခံအချို့ထံမှ သိရသည်။

တပ်ကောင်စီခန့် အုပ်ချူပ်ရေးမှူးဖြစ်သည့် ဦးသက်နိုင်၏ နေအိမ်တွင် ဇူလိုင်လဆန်းပိုင်းက ဗုံးဖောက်ခံရပြီးနောက်တစ်ရက်တွင် နှုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။

သြဂုတ်လ ၁၄ ရက် ည ၁၀ နာရီခန့်တွင် ၎င်းနေအိမ်၌ပင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး လက်ရှိတွင် ပုလောဆေးရုံသို့ တင်ပို့ထားသည်ဟု သိရကြောင်း ယင်းကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါအချိန်တွင် သေနတ်သံနှစ်ချက်ကြားရပြီး ဦးသက်နိုင်တွင် ဖောက်ဝင်ဒဏ်ရာ ၈ ချက်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုနောက် ဦးသက်နိုင်အား ပုလောဆေးရုံတွင် သြဂုတ်လ ၁၅ ရက်နံနက်က ခွဲစိတ်ကုသနေသည်ဟု သိရကြောင်း ယင်းဒေသခံက ဆိုသည်။

“ခွဲစိတ်ခန်းက ထွက်လာပြီးတဲ့အချိန်မှာ စကားတော့ ပြောလို့နိုင်သွားပြီ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကျေးရွာအတွင်းသို့ စစ်သား ၆ ဦးရောက်ရှိနေပြီး ကျေးရွာအတွင်း ညမထွက်ရအမိန့်ထုတ်ရန် ပြင်ဆင်နေသည်ဟု သိရကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သည်ကိုမူ မသိရသေးပေ။

သေနတ်ပစ်ခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးသက်နိုင်မှာ တာဝန်မှနှုတ်ထွက်ထားသည်ဟု ပြောဆိုနေသော်လည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်း အထက်ပါ ဒေသခံထံမှ သိရသည်။