ရေးတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရ

0
198
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်းရွာသစ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သြဂုတ်လ ၁၃ ရက်ညက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

မော့ကနင်းရွာသစ် အုပ်ချုပ်ရေးအဖွဲ့ဝင် နိုင်ထိန်းကို ယမန်နေ့ည ၇ နာရီခွဲဝန်းကျင်က အမည်အသိလူနှစ်ယောက်က ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်ခံရမှုကြောင့် နိုင်ထိန်းသည် ပေါင်တွင် ဒဏ်ရာရရှိသွားပြီး လမိုင်းဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

မော့ကနင်းရွာသစ် အုပ်ချုပ်ရေးအဖွဲ့ဝင်ကို ၎င်းတို့ ပစ်ခတ် သတိပေးခဲ့ခြင်းဖြစ်ကြောင်း Ye People Defence Force အဖွဲ့က ၎င်းတို့၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

ရေးမြိုနယ်တွင် ယခုကဲ့သို့ ပစ်သတ်ခံရသည့် ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က ရေးမြို့ အောင်မေတ္တာရပ်ကွက် အလက (၂) ကျောင်းရှေ့တွင် ရပ်မိရပ်ဖတစ်ဦး ပစ်သတ်ခံခဲ့ရသလို ဇွန်လ ၂၄ ရက်နေ့ကလည်း ရေးမြို့နယ် ဟံဂံကျေးရွာအနီးတွင် လူတစ်ဦး ပစ်သတ်ခံခဲ့ရသည်။

၎င်းပြင် ဇွန်လ ၂၈ ရက်နေ့ကလည်း ရေးမြို့နယ် နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိသေနတ်သမားတို့က ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရေးမြို့နယ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားနေသည့်အပြင် စာသင်ကျောင်းတွေမှာ ဗုံးတွေ့ရှိမှုတွေ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များလည်း ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

၎င်းပြင် ရေးမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံအချို့နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းနေအိမ်အချို့တို့တွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုလည်း ရှိခဲ့သည်။

ရေးမြို့နယ်နည်းတူ မွန်ပြည်နယ်အတွင်း မြို့နယ်အချို့ရှိ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များအပါအဝင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဥ်များ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။