ကုန်ပစ္စည်းသယ်လှေများအတွက် ထိုင်းဘက်က အချိန်တိုးပေး

0
323

နယ်စပ်ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းဘက်ကမ်းသို့ကူးပြီး ကုန်ပစ္စည်း သယ်ယူပို့ဆောင်နေသည့်လှေများ ကမ်းကပ် ရပ်နားခွင့်အား ထိုင်းနိုင်ငံမှ အချိန်တိုးပေးလိုက်ကြောင်း စုံစမ်းသိရသည်။

ယခင်က ကော့သောင်းမြို့မှ ကုန်တင်လှေများ ရနောင်းဆိပ်ကမ်းတွင် ရပ်နားခွင့်ကို နံနက် ၆ နာရီမှ နေ့လယ် ၁ နာရီအထိသာ ခွင့်ပြုပေးထားသည်။

လက်ရှိတွင် ဩဂုတ်လ ၁၃ ရက်မှစပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ အချိန်တိုးပေးလိုက်ကြောင်း ရွှေ့ပြောင်းအလုပ်သမား များအား ကူညီပေးနေသည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းအဖွဲ့ ကော့သောင်းတာဝန်ခံ ဦးမိုးဝေက ပြောသည်။

ကမ်းကပ်ရပ်နားခွင့်အချိန်တိုးပေးခြင်းကို ထိုင်းနိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာ ကော်မတီက ခွင့်ပြုပေးလိုက်ကြောင်း ၎င်းက ဆိုသည်။

“ကုန်တင်လှေတွေ ပစ္စည်းတင်တဲ့လှေတွေကို အခုက ညနေ ခြောက်နာရီအထိ ထိုင်းဘက်ကနေ ခွင့်ပြုပေးလိုက်တော့ လှေသမားတွေအတွက် အချိန်ပိုရသွားတာပေါ့” ဟု ဦးမိုးဝေက ပြောသည်။

မြန်မာနိုင်ငံဘက်ကမူ ယခင်ကတည်းက အချိန်ကန့်သတ်ထားခြင်းမရှိဘဲ ပြေးဆွဲခွင့်ပြုထားသည်ဟု ဆိုသည်။

“ကျွန်တော်တို့ကတော့ အဲဒီသတင်းအတိအကျ မသိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်မသွားသေးဘူး ဆိုတော့လေ။ ကိုယ်တိုင်သွားမှ အတိအကျသိမှာကိုး” ဟု ကော့သောင်း- ရနောင်း ပြေးဆွဲနေသည့် လှေသမား ဦးရဲအောင်က ပြောသည်။

ယင်းကဲ့သို့ အချိန်တိုးမပေးမီကမူ ပစ္စည်းသယ်ယူရာတွင် အချိန်လောက်ငှမူမရှိသဖြင့် အခက်အခဲတွေခဲ့ရကြောင်း ဦးရဲအောင်က ပြောသည်။

ကော့သောင်းနှင့် ရနောင်းသို့ ပြေးဆွဲနေသည့် ပစ္စည်းတင်လှေများက ရေထွက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်၊ စားသောက်ကုန် များ သယ်ဆောင်နေကြခြင်းဖြစ်သည်။

ပုံစာ- ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းသို့ သွားမည့် ပဲ့ချိတ်စက်လှေများကို ယမန်နှစ်များကတွေ့ရစဉ်