မော်လမြိုင်တွင် ကတ်မပါပဲ အပြင်ထွက်သူကို စတင်အရေးယူမည်

0
240

နေအိမ်တွင်နေထိုင်ရန် (Stay at Home) သတ်မှတ်ထားသည့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနေပြည်သူများ အပြင်ထွက်သွားလာခွင့်ကတ်မပါဘဲ အပြင်ထွက်သူများကို သြဂုတ်လ ၁၄ ရက်နေ့တွင် စတင်အရေးယူ‌တော့မည်ဖြစ်‌ကြောင်း သိရသည်။

ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်နေသည့် မော်လမြိုင်မြို့နယ်ကို ဇူလိုင်လ ၈ ရက်နေ့ကစပြီး Stay at Home အဖြစ် သတ်မှတ်ကြောင်းကြေညာပြီးနောက် ရပ်ကွက်အတွင်းရှိနေအိမ်များအား တစ်အိမ်လျှင် အပြင်ထွက်လာခွင့်ကတ်တစ်ခုစီ ထုတ်ပေးထားသည်။ ထိုကတ်ဖြင့် တစ်အိမ်လျှင် တစ်ယောက်သာ အပြင်ထွက်သွားလာရန် ကန့်သတ်ခဲ့သည်။

အပြင်ထွက်လာခွင်းကတ်ပြားမပါဘဲ အပြင်ထွက်သွားလာနေသည်ကို စစ်ဆေးတွေ့ရှိပါက စတင်အရေးယူသွားမည်ဟု တပ်ကောင်စီက ရပ်ကွက်အချို့တွင် လိုက်လံကြေညာထားသည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

“ဒီနေ့ (သြဂုတ် ၁၄) ကစပြီးတော့ပေါ့။ ကတ်မပါဘဲ အပြင်ထွက်လို့ စစ်ဆေးတွေ့ရှိခဲ့ရင် အရေးယူမယ်လို့ မနေ့ (သြဂုတ် ၁၃) ညက လာအော်သွားတယ်” ဟု ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

အရေးပေါ်ကျန်းမာရေးကိစ္စဖြစ်ပေါ်လာပါက တစ်အိမ် နှစ်ယောက်ထွက်ခွင့်ရှိကြောင်းနှင့် ကတ်သည် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိသာ အကျုံးဝင်သည်ဟု ကတ်ပြားပါ စည်းကမ်းသတ်မှတ်ချက်တွင် ဖော်ပြပါရှိသည်။

ကတ်မပါဘဲ နေအိမ်အပြင်ထွက်ခြင်း၊ Mask မတပ်ဘဲ အပြင်ထွက်ခြင်း၊ အပြင်ထွက်ရသည့်အကြောင်းအရင်း ခိုင်လုံစွာမရှိခြင်း၊ ကတ်အား အခြားသူတို့ လွှဲပြောင်း/ငှားရမ်းခြင်း မပြုလုပ်ရဟုလည်း ပါရှိသည်။

မွန်ပြည်နယ်အတွင်း ဇွန်လဆန်းမှစပြီး ကိုဗစ်ကူးစက်မှုနှုန်း ဆက်တိုက်မြင့်တက်လာသည့်အပြင် သေဆုံးမှုနှုန်းလည်း မြင့်တက်လာသည့်အတွက် ပြည်နယ်အတွင်း ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များ တင်းကြပ်လာသည့်အပြင် ပြည်နယ်အတွင်းနှင့် ပြည်နယ်အဝင်အထွက်ကိုလည်း ကန့်သတ်ထားသည်။

ကိုဗစ်ကူးစက်မှုများလာသည့် ဇွန်လဆန်းမှစပြီး သြဂုတ်လ ၁၃ ရက်နေ့အထိစာရင်းများအရ မွန်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်ခံရသူ တစ်သောင်းကျော်ရှိပြီး သေဆုံးလူနာ ၈၀၀ ကျော်ရှိသည်ဟု သိရသည်။