အရှုံးခံ ဈေးသည်

0
406
Dawei Watch, Dawei News, Dawei News Media

‘မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ’ ဆိုသလို ပြည်သူတွေ အဖက်ဖက်က အကြပ်အတည်း အခက်အခဲဖြစ်နေတဲ့အချိန် ကုန်ပစ္စည်းတွေကို ဈေးတင်ရောင်းချသူတွေရှိသလို အရှုံးခံပြီး ရောင်းပေးလာသူတွေလည်း ထားဝယ်ဒေသမှာ ရှိလာပါတယ်။

အဲဒီလို အရှုံးခံရောင်းချတဲ့ လူအနည်းစုထဲမှာ ထားဝယ်မြို့က ကိုဖြိုးနဲ့ ကိုမျိုးမင်းခန့်တို့လို လူငယ်တွေလည်း ပါဝင်ပါတယ်။

သူတို့ဟာ ကိုဗစ်ကပ်ရောဂါကို အကြောင်းပြုပြီး ဈေးမြင့်တက်နေတဲ့ ကြက်ဥနဲ့ နှာခါင်းစည်းတွေကို ဝယ်ရင်းဈေးနှုန်းအတိုင်း ရောင်းချနေတာ ဖြစ်ပါတယ်။

ဒီလိုအရှုံးခံရောင်းချတာဟာ အမြင်အားဖြင့် လွယ်တယ်လို့ ထင်ရပေမယ့် တစ်ဖက်မှာတော့ ဈေးကွက်ဖျက်ဆီးတဲ့သူတွေလို့ ကင်ပွန်းတပ်ခံရတဲ့အပြင် အခြားအခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ပြောကြပါတယ်။

ထားဝယ်ဈေးကွက်ထဲမှာ အခုရေငါးဆယ်ပါ နှာခေါင်းစည်းတစ်ထုတ်ကို ငွေကျပ် ၂၀၀၀ ကျော် အထိရောင်းချနေတဲ့အချိန်မှာ သူတို့က ၁၅၀၀ ကျပ်နဲ့ ရောင်းချတာကြောင့် ဈေးကွက်မှာ ဈေးနှုန်းဖျက်သူတွေလို့ အပြောခံနေရတာဖြစ်ပါတယ်။

“သူများတွေက ဈေးကွက်ဖျက်တယ်လို့ ပြောကြတယ်။ ကျွန်တော်အနေနဲ့ စဉ်းစားတာကတော့ ဈေးကွက်ဖျက်တာ မဟုတ်ပါဘူး” လို့ Grand ဖုန်းဆိုင်ပိုင်ရှင် ကိုဖြိုးက ဆိုပါတယ်။

ကိုဖြိုးဟာ နှာခေါင်းစည်းတွေကို အမြတ်မယူတဲ့အပြင် သယ်ယူစရိတ်ကို အိတ်စိုက်ပြီး အခုငါးဆယ်ပါ နှာခေါင်းစည်းတစ်ဘူးကို ၁၅၀၀ ကျပ်နဲ့ ရောင်းချပေးနေတာပါ။

အခုကိုဗစ်တတိယလှိုင်းမှာဆိုရင် မူဆယ်ဖက်ကနေပြီး နှာခေါင်းစည်းတွေ သယ်ယူရောင်းချနေတာ နှစ်ကြိမ်ရှိပါပြီ။

အဲဒီနှစ်ကြိမ်အတွက် သူ့မှာ ငွေတစ်သိန်းကျော် ရှုံးတယ်လို့လည်း ဆိုပါတယ်။

“အခုချိန်မှာတော့ (ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေကို) အရှုံးခံရောင်းလို့ နိုင်နေသေးတယ်။ အမြတ်တင်ပြီးရောင်းဖို့တော့ အစီအစဉ်မရှိသေးဘူး။ အဓိကကတော့ အလှူလုပ်တယ်ဆိုတဲ့သဘောနဲ့ လုပ်တာပါ” လို့ ကိုဖြိုးက ပြောပါတယ်။

ကြက်ဥတစ်လုံးကို ငါးဆယ်ကျပ်နဲ့ အရှုံးခံပြီး ရောင်းခဲ့ဖူးတဲ့ ကိုမျိုးမင်းခန့်တစ်ယောက်လည်း ကိုဖြိုးလိုပဲ ဈေးကွက်ဖျက်သူဆိုပြီး ထိုးနှက်တာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ကိုမျိုးမင်းခန့်တို့ သူငယ်ချင်းတစ်စု ငွေကြေးစိုက်ထုတ်ကာ ကြက်ဥတွေလိုက်ဝယ်ပြီး ဩဂုတ်လ ၁ ရက်က ထားဝယ်မြို့ပေါ် တစ်နေရာမှာ ရောင်းချပေးခဲ့ပါတယ်။

အဲဒီနေ့က ကြက်ဥအလုံးရေ သုံးထောင်ကို ရောင်းပေးဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် အလုံးတစ်ထောင်ကျော်ပဲ ရောင်းချပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

အကြောင်းကတော့ နယ်တွေမှာ ဝယ်ထားတဲ့ ကြက်ဥတွေကို မြို့ပေါ်သယ်ရာမှာ ထောက်ခံချက်မပါလို့ဆိုပြီး တားဆီးတာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ မြို့အဝင်တံတားမှာ စောင့်နေတဲ့ တပ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပေးမသယ်ခဲ့ဘူးလို့ ဆိုပါတယ်။

နိုင်ငံရေးအခြေအနေ၊ ကိုဗစ်ကပ်ရောဂါကူးစက်မှုမြင့်တက်နေတဲ့အခြေအနေမှာ အခြေခံစားသောက်ကုန်ဈေးတွေ မြင့်တက်နေတာကို အတိုင်းတာတစ်ခုထိ တားဆီးနိုင်ဖို့နဲ့ အခြေခံလူတန်းစားတွေ သက်သာတဲ့နူန်းထားတဲ့ ကြက်ဥတွေ ဝယ်စားနိုင်အောင် စီစဉ်ပေးတဲ့အချိန်မှာ အဲဒီလို ကန့်သတ်တားမြစ်တာကို ခံခဲ့ရတာလို့ ဆိုပါတယ်။

ကြက်ဥတစ်ထောင်ရောင်းချရင် သူတို့သူငယ်ချင်းတစ်စုက ငွေကျပ်တစ်သိန်းကျော် အရှုံးပေါ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့လုပ်တာက ဈေးကွက်ကိုလည်း ထိန်းနိုင်အောင်၊ အခြေခံလူတန်းစားတွေလည်း အာဟာရဖြစ်တဲ့ ကြက်ဥတွေ ဝယ်စားနိုင်အောင်ပါ” လို့ ကိုမျိုးမင်းခန့်က ဆိုပါတယ်။

ဒါ့အပြင် ဒီလိုရောင်းချရာမှာ ကိုယ်တိုင်ယူ ကိုယ်တိုင်ရှင်းစနစ်နဲ့မို့ အချို့က ပိုက်ဆံမထည့်ဘဲ ကြက်ဥတွေ ယူသွားကြသလို အချို့ဆိုရင်လည်း ပုံးထဲကပိုက်ဆံကိုပါ နှိုက်ယူသွားကြသူတွေလည်းရှိတယ်လို့ ကိုမျိုးမင်းခန့်က ပြောပါတယ်။

အဲဒီလို အခက်အခဲတွေ ထိုးနှက်ချက်တွေ ရှိနေပေမယ့် တစ်ဖက်မှာလည်း ‘ပြည်သူက ပြည်သူကို ပြန်ကူနေရတဲ့အချိန်ဖြစ်တာကြောင့် အရှုံးခံရောင်းတာ ဆက်လုပ်မလား၊ နားမလား ဆိုတာ သူတို့အတွက် ဆုံးဖြတ်ရ ခက်စေပါတယ်။

“နောက်ထပ် ဒီလို(အရှုံးခံရောင်းဖို့) ဖြစ်မယ် မဖြစ်ဘူးဆိုတာ မပြောတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်ဖျက်တယ်ဆိုပြီး ပြောတာခံရမှာ စိုးလို့ပါ” လို့ ကိုဖြိုးက ပြောပါတယ်။

ကိုမျိုးမင်းခန့်တို့ သူငယ်ချင်းတစ်စုကတော့ ဆန်၊ ဆီ၊ ကြက်ဥ သုံးမျိုးကို ငါးရာကျပ်နဲ့ အိမ်တိုင်ရာရောက် လိုက်ရောင်းနိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

တကယ်လို့ စီးပွားရေးသမားတွေက ပြည်သူတွေအခက်အခဲတွေ့နေချိန် ဈေးတင်ရောင်းတာမျိုးမရှိရင် အခုလို အရှုံးခံရောင်းဖို့ လိုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

“ကိုဗစ်ရောဂါ အရမ်းဖြစ်နေတဲ့အချိန်မှာ အချင်းချင်းကူညီရမှာကို အခုက ပြည်သူအချင်းချင်း ခေါင်းပုံဖြတ်သလိုဖြစ်နေတာပေါ့။ အဲဒါက လုံးဝမဖြစ်သင့်ဘူး” လို့ ကိုမျိုးမင်းခန့်က ဆိုပါတယ်။