ကိုဗစ်ကြောင့် တိုတယ်ကုမ္ပဏီဝန်ထမ်း ဆုံးပါးမှု ဝေဖန်သဖြင့် အလုပ်ထုတ်ခံရ

0
471
Dawei Watch, Dawei News, Dawei News Media

တိုတယ် ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦး ကိုဗစ်ရောဂါဖြင့် သေဆုံးရာတွင် ကုမ္ပဏီ အနေနှင့် တာဝန်ယူမှု ပျက်ကွက်သည်ဟု ဝေဖန်ခဲ့သော လုံခြုံရေးအရာရှိ ဝန်ထမ်းကို အလုပ်မှ ထုတ်ပယ်လိုက်သည်။

ကုမ္ပဏီ၏ ပုံရိပ်ကျဆင်းအောင် လုပ်ဆောင်သည်ဟုဆိုကာ တနင်္သာရီတိုင်း ကံပေါက်ဒေသတွင် အခြေစိုက်ပြီး ကမ်းလွန်ပင်လယ်ပြင်၌ သဘာဝဓာတ်ငွေ့ထုတ်ယူနေသည့် တိုတယ်ကုမ္ပဏီတွင် လုံခြုံရေးအရာရှိ တာဝန်ထမ်းဆောင်နေသူ မထားရည်မွန်အား အလုပ်ထုတ်လိုက်ခြင်းဖြစ်သည်။

တိုတယ်ကုမ္ပဏီ၏ လျှပ်စစ်ပိုင်းဆိုင်ရာ ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုအောင်မိုးမြင့်မှာ ကိုဗစ်ရောဂါဖြင့် သေဆုံးသွားသည့် ဖြစ်စဉ်နှင့်ပတ်သတ်ပြီး မထားရည်မွန်က ဩဂုတ်လ ၈ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ပြောဆိုခဲ့သည်။

တိုတယ်ဝန်ထမ်းဖြစ်သူ ကိုအောင်မိုးမြင့် ကိုဗစ်ရောဂါကူးစက်ခံရပြီး လူနာစင်တာတွင်ရှိနေချိန်မှ သေဆုံးချိန်အထိ ကုမ္ပဏီအနေဖြင့် တာဝန်ယူမှုပျက်ကွက်ခဲ့သည်ဟု မထားရည်မွန်က လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်လွှင့်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တိုတယ်(ကုမ္ပဏီ)ဘက်က အမြဲတမ်းပြောနေတဲ့စကားက Safety First Safety First (လုံခြုံရေးသာ ပထမဦးစားပေး) ဆိုပြီး အဲဒီစကားအမြဲပြောပြီးတော့ ဒီသေဆုံးသွားတဲ့ဝန်ထမ်းရဲ့ အစစအရာရာကို ကျွန်မကပဲလုပ်ပေးနေရတယ်။ တကယ်ဆိုရင် ပိုးတွေ့တဲ့အချိန်ကစပြီး သေဆုံးတဲ့အချိန်အထိ တိုတယ်က အားလုံးတာဝန်ယူပေးရမှာ” ဟု မထားရည်မွန်က ပြောသည်။

တိုတယ်ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေးဝန်ထမ်းများကို Atalian Global Service ကုမ္ပဏီထံတွင် ကန်ထရိုက်စနစ်ဖြင့် ငှာရမ်းထားခြင်းဖြစ်သည်။ မထားရည်မွန်သည်လည်း သဘောတရားအားဖြင့် ဆိုပါက Atalian Global Service ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးဖြစ်သည်။

သေဆုံးသွားသည့် တိုတယ်ဝန်ထမ်း ကိုဗစ်ရောဂါပိုးတွေ့သည့်အချိန်မှစပြီး သေဆုံးအချိန်အထိ လိုအပ်ချက်အများစုကို ပုဂ္ဂိုလ်ရေးအရ လုပ်ဆောင်ပေးခဲ့သည်ဟု မထားရည်မွန်ဆိုသည်။

ယင်းအတွက်ကြောင့် ကုမ္ပဏီဘက်က တာဝန်ပျက်ကွက်ခဲ့သည်ဆိုသည်ကို သူမအနေဖြင့် အခိုင်အမာပြောဆိုနေခြင်းဖြစ်သည်။

“(တိုတယ်) ကုမ္ပဏီဘက်ကနေ တရားမျှတမှုမရှိတာကို မြင်နေတဲ့အတိုင်းဖွင့်ချတယ်။ မဟုတ်တာတွေ စွပ်စွဲပြီး ပြောဆိုနေတာမဟုတ်ဘူး။ ကျွန်မပြောခဲ့တဲ့စကားတွေ အကုန်တာဝန်ယူတယ်” ဟု မထားရည်မွန်က ပြောဆိုသည်။

မထားရည်မွန်အား အလုပ်ထုတ်လိုက်ကြောင်း အကြောင်းကြားခဲ့သူ ဦးကိုကိုဦးကမူ ကိုဗစ်ရောဂါကြောင့် သေဆုံးသွားသည့် တိုတယ်ဝန်ထမ်းအပေါ် မထားရီမွန်ပြောဆိုသကဲ့သို့ ပစ်ပယ်ထားခြင်းမရှိဘဲ နေရာထိုင်ခင်းကိစ္စ၊ ဆရာဝန်ကိစ္စ စသည့် လိုအပ်ချက်များကို ဆောင်ရွက်ပေးခဲ့ကြောင်း တုံ့ပြန်သည်။

ဦးကိုကိုဦးမှာ Atalian Global Service ကုမ္ပဏီတွင် Imperial Management Specialist ရာထူးဖြင့် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

“ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ ဝန်ထမ်းတစ်ယောက်ကို လက်လွတ်စပယ် ထုတ်ပယ်တာမျိုး လုံးဝမလုပ်ပါဘူး” ဟု ဦးကိုကိုဦးက ဆိုသည်။

မထားရည်မွန်ကမူ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တိုက်ရိုက်ထုတ်လွှင့် ပြောဆိုခဲ့သည့် ဖြစ်စဉ်အပေါ် ခေါ်ယူစစ်ဆေး မေးမြန်းခြင်းမရှိဘဲ အလုပ်ထုတ်ခံရသည်မှာ တရားမျှတမှုမရှိကြောင်း ပြောသည်။

ယင်းသို့အလုပ်ထုတ်ပယ်ခံရသော်လည်း ရရှိရမည့် လျော်ကြေးနစ်နာကြေးမရသည့်အပြင် ကုမ္ပဏီအား ပုံရိပ်ကျဆင်းစေရန် ပြောဆိုသည်ဟု စွပ်စွဲကာ တရားစွဲခံရမည့်အခြေအနေအထိ ဖြစ်လာနိုင်ကြောင်း ၎င်းကပြောသည်။

ဦးကိုကိုဦးကလည်း မထားရည်မွန်အား နစ်နာကြေးပေးရန်မရှိဟု ပြောသည်။

အကြောင်းမှာ မထားရည်မွန်သည် တပ်အာဏာသိမ်းစဉ်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သဖြင့် သတိပေးခံခဲ့ရဖူးသည်။ နောက်တစ်ကြိမ် မည်သည့်အကြောင်းနှင့်မဆို ပြသနာဖြစ်ပါက အလုပ်မှထုတ်ပယ်ခံရမည်ဖြစ်ပြီး ယင်းအတွက် နစ်နာကြေးလည်းခံစားခွင့်ရရှိမည်မဟုတ်ကြောင်း ခံဝန်လက်မှတ်ထိုးခဲ့သည်ဟု ဦးကိုကိုဦးက ပြောသည်။

“နောက်တစ်ကြိမ် ဘာအကြောင်းအရာမှဖြစ်လို့မရဘူး။ ဖြစ်လို့ရှိရင် ဘာအကျိုးခံစားခွင့်မှမရှိဘဲ အလုပ်ကထုတ်ပယ်မယ်ဆိုတာ သူတို့ကို ပြောပြီးတော့မှ ခံဝန်ထိုးခိုင်းထားတာတွေ မှတ်တမ်းမှတ်ရာတွေ အကုန်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

တိုတယ်ကုမ္ပဏီသည် ပြင်သစ်နိုင်ငံမှ မြန်မာပြည်တွင် လာရောက်ရင်းနှီးမြှုပ်နှံပြီး သဘာဝဓာတ်ငွေ့ ထုတ်ယူနေသည့် ကုမ္ပဏီဖြစ်သည်။