ကျနော်တို့ ရဲဘော်တွေ လေးစားတဲ့ ဆရာအောင်မြင့်

0
2284
Dawei Watch, Dawei News, Dawei News Media

ခုတလော အိပ်ယာနိုးလို့ Facebook ကြည့်လိုက်ရင် ကိုယ်မိတ်ဆွေတွေ၊ ကိုယ်သိသူတွေထဲက ကြွေလွင့်သွားတဲ့ သတင်းတွေကို နေ့စဉ်လိုလို မြင်နေရလို့ အတော်စိတ်ဒုက္ခရောက်နေရပါတယ်။ ဒီဒုက္ခတွေထဲမှာ ဒီနေ့တော့ ကျနော်တို့ ရဲဘော်အားလုံးလေးစားရတဲ့ ဆရာအောင်မြင့် ကွယ်လွန် သွားပြီဖြစ်တဲ့အကြောင်း ထား၀ယ်က ရဲဘောတဦးက Tag လုပ်ပြီး သတင်းတင်ထားတ ာ တွေ့လိုက်ရပါတယ်။

လုံး၀ ထင်မထားခဲ့ပါဘူး။ ကျန်းမာရေးလိုက်စားတဲ့ ဆရာအောင်မြင့်၊ နေ့စဉ် လမ်းလျောက်လေ့ ကျင့်ခန်းမပြတ်လုပ်နေတဲ့ဆရာအောင်မြင့်က ဘာကြောင့် ချက်ခြင်းကြီး ကွယ်လွန်သွားရတာလဲ…။
…….

ထား၀ယ် အထက ၁ က ကာယနည်းပြဆရာဖြစ်တဲ့ ဆရာအောင်မြင့်ကို ထား၀ယ်က ကျောင်းသားအတော်များများသိပြီးသားဖြစ်ပေမယ့် ကျနော်က အမှတ် ၁ ကျောင်းသား မဟုတ်လို့ သူကို အဲဒီအချိန်က သိမနေခဲ့ပါဘူး။

ကျနော် သူ့ကို စတွေ့ဖူးတာက ၈ လေးလုံး အရေးတော်ပုံ မတိုင်ခင်လေးကမှ။ သူက ကာယနည်းပြဆရာဖြစ်တဲ့အပြင် တနသာင်္ရီတိုင်း လက်ရွေးစင် လက်ဝှေ့သမား၊ အလေးမသမားလည်းဖြစ်ပါတယ်။

ဒီတော့ စက်ဘီးစီးတဲ့ ကျနော် ခန္တာကိုယ်ကြံ့ခိုင်ရေးအတွက် ထား၀ယ်အလေးမရုံမှာ အားကစား လေ့ကျင့်ရင်းနဲ့သူကို စတွေ့ဖူးတာပါ။ သာမန် အားကစားသမားချင်း သိရုံလောက်ပါပဲ။

……….

ဒါပေမယ့် ကျနော်တို့ ကျောင်းသားတွေ တောခိုတော့ ဆရာလည်း ပါလာပါတယ်။ နောက်ပိုင်း စကားစပ်ရင်းမေးမှ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့ စစ်တပ်က အာဏာသိမ်းချိန်၊ ထား၀ယ်မြို့ ဥတ္တားကြီးအနီး တပ်ဦးရုံးရှေ့ပစ်ခတ်မှုတွေမှာ သူက တပ်ဦးရဲ့ တာ၀န်ရှိသူတဦး အဖြစ် ရှေ့တန်းက ပါ၀င်ခဲ့သူ။ တပ်ဦး အတွင်းရေးမှူး ဦးပန်းကျော်အပါ၀င် ထား၀ယ်မှာ စစ်တပ်လက် ချက်နဲ့ ကျဆုံးသွားသူတွေကို အနီးကပ်မြင်ခဲ့ရသူ။ အသက်ဘေးကနေ ကပ်ပြီး လွတ်လာသူ ဆိုတာကို သိခဲ့ရပါတယ်။

တောတွင်းကာလတွေမှာတော့ ဆရာက လူချစ်လူခင် အများဆုံးပုဂ္ဂိုလ်။ တပ်ရင်းမှာ အမြဲ ဆုံး ပုဂ္ဂိုလ်။ ကျောင်းဆရာလည်းဖြစ်နေတော့ တောခိုကျောင်းသား ၃၀၀ ကျော်ထဲမှာ သူ့တပည့်က ၁၀၀ လောက်တောင်ပါနေမလားမသိပါ။ ဆိုတော့ ကိစ္စအတော်များများကို သူ ဖြေရှင်းပေးရင် အဆင်ပြေသွားလေ့ရှိပါတယ်။

တပ်ရင်းမှာ တပ်မှူးရွေးတော့ ဆရာက ဒု တပ်ရင်းမှူးဖြစ်လာပါတယ်။ ဒါက ၁၉၈၈- ၈၉ ခုနှစ် အခြေအနေ။ နောက်ပိုင်း အဖွဲ့တွင်းသဘောထားတွေကွဲ၊ တပ်ရင်းတွေကွဲတော့ ဆရာနဲ့ ကျနော်က ပြိုင်ဖက် တပ်ရင်းတွေ။ ဒါပေမယ့် လူမှုဆက်ဆံရေးမှာတော့ ဘာမှမပြောင်းလဲ။

နောက်ပိုင်း တပ်ရင်းတွေ ပြန်ပေါင်းပြီး တပ်တွေ ပြန်စုဖွဲ့တော့လည်း ဆရာက ဒု တပ်ရင်းမှူ းအဖြစ်ပဲ ပြန်လည်အရွေးခံခဲ့ရပြန်ပါတယ်။ ဆရာက စည်းမျဉ်းစည်းကမ်းတွေကို အတော်လိုက်နာလေးစားသူ။ ဥပဒေတွေကိုလည်း စိတ်၀င်စားသူ။

ဒီလိုနဲ့နောက်ပိုင်းမှာတော့ သူဟာ ဗဟိုတရားသူကြီးအဖွဲ့ထဲ ပါတဲ့အထိ ဥပေဒလိုက်စား သူ ဖြစ်သွားပါတယ်။ ဒါက ၁၀ နှစ်စာ အခြေအနေကို အနှစ်ချုပ်ပြောကြည့်တာ။

တောတွင်းကာလ ၁၀ နှစ် ခန့်အတွင်း ဆရာနဲ့ပတ်သက်ပြီး အမှတ်ရစရာတွေက အများကြီး။ ဆရာက ရိုးသားတယ်။ မာန်မာန မထားဘူး၊ ဟန်မဆောင်ဘူး၊ ဒါကြောင့် ရဲဘော်တိုင်းက သူ့ကို ချစ်ကြပါတယ်။

ဆရာနဲ့ပတ်သက်ပြီး အမှတ်ရဆုံးတခုကိုပြောပါဆိုရင်တော့… ထား၀ယ်စကားကို ထား၀ယ်တဦးလို ပီပီ သသပြောနိုင်တာပါပဲ။ ကျနော်တို့လည်း ထား၀ယ်သားဆိုပေမယ့် ထား၀ယ်စကားနဲ့ ဗမာ စကားရောကုန်တာလား၊ စာစကားတွေပါလာတာလား၊ မော်ဒန် ထား၀ယ်တွေဖြစ်ကုန်သလား မပြောတတ်။ သူ့ပြောတဲ့ ထား၀ယ်စစ်စစ် လေသံနဲ့ ကျနော်တို့ရဲ့ လေသံက အလေးအနက် နည်းနည်းကွာနေတတ်ပါတယ်။

အဲ…တဖက်မှာ ထား၀ယ်စကားပီလွန်းတော့ မြန်မာစကား (ဂံစကား)ပြောတဲ့အခါ ဆရာ့လျှာက ခေါက်လို့မရတော့ပါဘူး။ ဒီတော့ ထား၀ယ်သံဝဲတဲ့ ဆရာအောင်မြင့်ရဲ့ ဗမာစကားကို ဗမာတွေ အတော်သဘောကျတယ်ဆိုပါတယ်။

ဒုတိယ အမှတ်ရနေတာကတော့ ဆရာက မနက်စောစောထလေ့ရှိတဲ့အတွက် ညနေပိုင်း စခန်းကော်မတီအစည်းအဝေးလုပ်ရင် ဆွေးနွေးရင်း ငိုက်တတ်တာ။ ဒါပေမယ့် မနက်စော စော ထချိန်မှာတော့ သူ့ကို ဘယ်သူမှမမီ။ အစောကြီးထပြီး လမ်းလျှောက်တာ၊ ပြေးတာ တခုခု လုပ် နေလေ့ရှိပါတယ်။ ကျနော်တို့က အလံတိုင်ရှေ့တန်းစီဖို့ ခရမှုတ်ချိန်မီအောင် မနည်းကြိုးစား ထခဲ့ရသူတွေ။

ဒီလို မနက်စောစောထ လမ်းလျှောက်တာကို တောတွင်းမှာတင်မက၊ တည်ငြိမ်မှုမရှိတဲ့ ဒုက္ခသည် စခန်းတွေမှာလည်း သူက ပျက်ကွက်မှုမရှိပါဘူး။ ၂၀၁၂ ခုနှစ် ထား၀ယ်ပြန်သွားပြီးနောက်ပိုင်းမှာ လည်း သူက မနက်စောစောထ လမ်းလျောက်တာကို ပျက်ကွက်လေ့မရှိဘူးလို့ သိရပါတယ်။

တတိယကတော့ ဆရာက ထမင်း-ဟင်း ချက်တာ အတော်ကောင်းပါတယ်။ တောထဲက အလှူပွဲတွေမှာ ဆရာ ဒိုင်ခံချက်သလို ကျနော်တို့ ဘန်ကောက်ရောက်တဲ့အထိလည်း ဒိုင် ခံ ချက်ပေးတုန်းပါ။ တနေ့တော့ -ရက်ဒီဖြစ်ပြီ- ထမင်းဝုိင်းပြင်ဆိုပြီး ဟင်းပွဲတွေချပြီးမှ ထမင်းအိုးကို လှန်ကြည့်တော့ ရေစိမ်ထားတဲ့ ဆန်တွေပဲရှိနေပါတယ်။ တောထဲကနေ မြို့
ပေါ်တက်ကာစမို့ ပလပ် ပေါက်ထိုးဖို့မေ့နေတယ်- ဆိုတဲ့အဖြစ်ကိုလည်း ပြန်အမှတ်ရနေပါတယ်။

တဦးချင်းအရ အမှတ်ရနေတာကိုပြောပါဆိုရင်တော့… သူက လက်ဝှေ့သမားဖြစ်တာနဲ့အညီ သူ့ လက်ဖျံသားတွေက တင်းနေလေ့ရှိပါတယ်။ ကျနော်နဲ့တွေ့တိုင်း လက်ဖျံကို ကိုင်ပြီး မင်းလက်ဖျံက တင်းမနေဘူး။ ရွဲနေတယ်၊ အားကစားသမား မပီသဘူး…ဆိုပြီး အမြဲတမ်း နောက်လေ့ရှိပါတယ်။

သူ့လက်ဖျံသား တင်းနေပုံက အံ့သြစရာ။ အသက် ၇၀ ကျော်တဲ့အထိတင်းနေတုန်း။ တခါ အသက် နဲ့ပတ်သက်ပြီးလည်း သူက မကြာခန နောက်လေ့ရှိပါတယ်။ ငါက ဒေါ်အောင်ဆန်းစုကြည်ထက် တနှစ်ပဲငယ်တယ်လေကွာ။ မင်းတို့က ကလေးတွေပဲရှိသေးတာပဲ။ ဒီလိုပြောလေ့ရှိပါတယ်။

ဒါပေမယ့် သူက လူငယ်တဦးလိုပဲ နေတတ်တာပါ။ သူပေါင်းတဲ့လူအများစုက ကျောင်းသား ရဲဘော်ဟောင်းတွေ၊ သူ့ထက် အသက် တ၀က်လောက်ငယ်သူတွေပေါ့။ နောက်နောက် ပြောင် ပြောင်ပါပဲ။

၂၀၁၃ နောက်ပိုင်း အဲဒီခေတ်အစိုးရက ပြည်ပရောက်နေသူတွေ ပြန်လာလို့ရပြီပြောလို့ ပထမ ဆုံး အခေါက် ကျနော် ပြည်တော်ပြန်စဉ် ပထမ ဆုံး
အတွေ့ချင်ဆုံးပုဂ္ဂိုလ်ဟာ ဆရာအောင်မြင့်ပါပဲ။ အခြား ပြည်တော်ပြန် ရဲဘော်အတော်များများကလည်း ဆရာ့ကို ဖြစ်အောင် သွားတွေ့ကြတယ်လို့ ဆိုပါတယ်။

၈၈ ကာလ တောတွင်းတိုက်ပွဲတွေအတွင်း ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် အမှတ်တရ စစ်သချိုင်းတခု မင်းသမီးခစန်းမှာလုပ်ရအောင်ဆိုတော့ ဆရာအောင်မြင့်ကပဲ အဓိက လက်တွေ့ ဦးဆောင်ခဲ့တာပါ။ ABSDF နှစ်ပတ်လည်အခမ်းအနားတွေ၊ တော်လှန်ရေးဆိုင်ရာ. ကိစ္စတွေ အတော်များများမှာ သူပဲ ဦးဆောင်နေတာပါ။

အခုတော့ ဆရာက မပြောမဆိုနဲ့ ခရီးထွက်သွားခဲ့ပါပြီ။ ကျနော် ဒီတခေါက် ထား၀ယ် ပြန်လာခွင့်ရရင် ဆရာနဲ့ တွေ့ခွင့်မရနိင်တော့ပါဘူး။ ကျနော်တို့ ဆွေးနွေးဆောင်ရွက်နေတဲ့ အာဇာနည်းကုန်းကိစ္စ၊ ရဲဘော်ဟောင်းတွေ ကူညီထောက်ပံ့ရေးကိစ္စ၊ အထွေထွေ ကိစ္စတွေ ဘယ်လို ဆက်လက်ဆောင်ရွက်ရတော့မှာလဲ…

အဲ…အဆိုးဆုံးကတော့ ကိုဗစ်နဲ့ ကိုစစ်ပါပဲ။ ဒီရောဂါဆိုးနဲ့ ဒီ စနစ်ဆိုးက မင်းမူနေတော့ ဆရာ့ စျာပနကိုတောင် ကျနော်တို့ လိုက်ပို့ခွင့်မရနိုင်ခဲ့ပါဘူး။ ရဲဘော်ဟောင်းတွေအားလုံး ပြည်၀င် ခွင့်မရ နိုင်သေးပါဘူး။

ဒီတော့ ဆရာဖြစ်စေချင်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ကျနော်တို့ ဆက်လက် တိုက်ပွဲ၀င်ရဦးမှာပါ။ ကျနော်တို့ ဆက်လက် တိုက်ပွဲ၀င်သွားမှာပါ ဆရာ။